သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်တွင် ကြိုတင်မဲပေးရာ၌ မဲပြားတွင် အဆင်သင့်တံဆိပ်တုံးရိုက်နှိပ်ပါလာသဖြင့် အငြင်းပွားမှုပေါ်ပေါက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာတွင် ကြိုတင်မဲပေးရာ၌ မဲပြားတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၏ အမှတ်တံဆိပ်နေရာတွင် အဆင်သင့် တံဆိပ်တုံး ရိုက်နှိပ်၍ ပါလာသဖြင့် အငြင်းပွားမှု ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

ကြိုတင်မဲ နောက်ဆုံးနေ့ဖြစ်သော အောက်တိုဘာ ၅ ရက်နေ့ မဲထည့်ရာတွင် ထိုသို့ မဲအငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း အမြင့်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောသန်းမောင်က ပြောသည်။

ဖြစ်စဉ်မှာ မဲတံဆိပ်တုံးရိုက်မည့်နေရာတွင် ရခိုင်ဦးဆောင်ပါတီ (AFP)မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုလင်း၏ နေရာတွင် ကြိုတင်ပြီး တံဆိပ်တုံးရိုက်ပြီးပါလာသဖြင့် အငြင်းပွားရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ မဲတံဆိပ်တုံးရိုက်ရမည့်နေရာမှာ ရခိုင်ဦးဆောင်ပါတီက ဦးဇော်ကိုကိုလင်းကို ကြိုတင်ပြီးတော့ တံဆိပ် ရိုက်ထားတာကို တွေ့တယ်။ အဲဒါကို ကြံခိုင်ရေးပါတီက ကိုယ်စားလှယ်တစ်ယောက်က တွေ့တယ်။ အဲဒါကို သူက ကျနော်ဆီကို လာပို့တယ်။ အဲလို့ ဦးဇော်ကိုကိုလင်းနာမည်နဲ့ တံဆိပ်ရိုက်ထားတဲ့ မဲစာရွက် ၁၅ ရွက် ပါပါတယ်။”

၎င်းမဲစာရွက်များကို မြို့နယ် ကော်မရှင်ရောက်ရှိလာပြီးနောက် သိ်မ်းဆည်းကာ ရဲစခန်းတွင် အပ်နှံ ထားခဲ့သည်ဟု အမြင့်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါအမြင့်ကျွန်းကျေးရွာတွင် မဲပေးခွင့်ရှိသူ ဦးရေ ၁၆ဝဝ ကျော်ရှိရာမှ အသက် ၆ဝ ကျော် အရွယ် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများ ကြိုတင်မဲပေးရာတွင် ထိုသို့တွေ့ရှိရခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာ ၅ ရက်နေ့ထိ လူပေါင်း ၃ဝဝ ကျော်လောက် ကြိုတင်မဲ ပေးထားပြီးပြီဟု သိရှိရသည်။

စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစံသာမောင်က “ အဲဒီကိစ္စကိုတော့ ကျနော်တို့ သွားရောက်ပြီးတော့ စစ်ဆေးခဲ့တယ်။ ဒီကနေ့ နေ့လယ်မှ မြို့နယ်ရွေးကောက်ပွဲ စိစစ်ညှိနှိုင်းရေးကော်မတီနဲ့ ကျနော်တို့ အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ အစည်းအဝေး ဆုံးဖြတ်ချက်ပြီးမှ ပြောလို့ရမယ်။ အခုကတော့ ဒီလောက်ပါပဲ” ဟု ဖြေကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော်အား ဆက်သွယ် မေးမြန်းခဲ့ရာ သူ့အနေဖြင့် ၎င်းကိစ္စကို မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင့်ဦးဆောင်ပါတီ၏ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခြင်းမရှိ၍ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး AFP ၏ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ