သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ်တွင် မဲလာပေးသူအမျိုးသားတစ်ဦး မူးလဲသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 504

ဆောင်းဇာခြည်

နိရဥ္စရာ၊ နိုဝင်ဘာ ၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မဲလာပေးသူ အမျိုးသား မဲပေးခါနီးတွင် မူးလဲပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ချေကျေးရွာမှ အသက် ၆ဝ ကျော်အရွယ် ဦးဖြူမောင်သည်။

၎င်းသည် ယနေ့ နံနက်ပိုင်းက ရမ်းသစ်ချေကျေးရွာရှိ မဲရုံအမှတ် (၁) သို့ရောက်ရှိလာခဲ့ပြီး မဲပေးခါနီး မဲရုံသို့ အဝင်တွင် မူးလဲကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဒေါ်ခင်ဇာလျှံဌေးက ပြောသည်။

“ဦးဖြူမောင်မှာ မဲပေးဖို့လာပါတယ်။ လာပြီးတော့ မဲရုံခန်းထဲကို ဝင်ပါတယ်။ အဲဒီမှာ မဲထည့်ဖို့အတွက် မဲပြားတစ်ချပ်ယူတယ်။ အဲဒီမဲကို ထည့်ဖို့သွားတာ မထည့်ခဲ့ရဘူး။ လမ်းမှာ မဲပုံးကို မရောက်လိုက်ဘဲ လဲသွားပါတယ်။ မူးလဲသွားတော့ သူ့ကို လူတွေက ဆေးခန်းကို ယူသွားခဲ့ကြတယ်။ အဲဒီမှာ ဆုံးသွားတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးမောင်ဖြူအား ရမ်းသစ်ချေကျေးရွာရှိ ဆေးခန်းသို့ ကျေးရွာသားအချို့က ယူသွားခဲ့စဉ် ဆေးခန်းသို့ အရောက်တွင် အသက်သေဆုံးသွားပြီဖြစ်ကြောင်း ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေက ပြောသည်။

ဦးကျော်ရွှေက “သူက သွေးတိုးရောဂါရှိတယ်လို့ ပြောတယ်။ အဲဒီမှာ မဲရုံထဲမှာ ခေါင်းမူးပြီး လဲသွားတာပေါ့။ ဆေးခန်းအရောက်မှာ ဆုံးသွားတာ။” ဟု နိရဥ္စရာသို့ ပြောသည်။

ရမ်းဗြဲမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ရခိုင်အမျိုးသားပါတီ (ANP) ၊ ရခိုင့်ဦးဆောင်ပါတီ (AFP) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ အပါအဝင် တစ်သီးပုဂ္ဂလတစ်ဦးတို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တစ်မြို့နယ်လုံးတွင် မဲပေးသူဦးရေ ရှစ်သောင်းကျော်နှင့် မဲရုံပေါင်း ၁၈၇ ရုံရှိကြောင်း ဦးကျော်ရွှေက ပြောသည်။

ဆက်စပ် သတင်းများ