သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦးအနိုင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၁ဝ/၂ဝ၂ဝ

နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အမျိုးသမီး လွှတ်တော်ကိုယ်စား ၄ ဦး အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နေရာ အနိုင်ရရှိခဲ့သည်။

အနိုင်ရရှိသူ အမျိုးသမီး ၅ ဦးမှာ ရခိုင်အမျိုးသားပါတီ (ANP) မှ ၄ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အနိုင်ရရှိခဲ့သည့် ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ဖြစ်ကြသည်။

အနိုင်ရရှိသူများမှာ ရခိုင်အမျိုးသားပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးမှာ မာန်အောင်မြို့နယ် အမျိုးသား လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရသည့်  ဒေါ်ခင်လှမြိုင်၊ မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂)မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရသူ ဒေါ်တင်ရီ (ခ) ဒေါ်မတောက်၊ တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော် နေရာ အနိုင်ရသူ ဒေါ်လှသက်စိုး (ခ) ခင်ထိပ်ထား၊ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) တွင် အနိုင်ရသူ ဒေါ်ခင်မျိုးယဉ် တို့ ဖြစ်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့်  ဒေါ်ထုမေမှာ ပြိုင်ဘက် ကိုယ်စားလှယ်များကို မဲတစ်ဝက်ကျော်ဖြင့် အနိုင်ရရှိနေပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ပါတီအသီးသီးမှ အနိုင်ရရှိခဲ့သည့် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များမှာ ANP မှ ၁၅ ဦး၊ NLD မှ ၈ ဦး (ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင်)၊ AFP မှ ၃ ဦး၊ USDP မှ ၂ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်သီးပုဂ္ဂလတစ်ဦးတို့ ဖြစ်ကြသည်။

စုစုပေါင်း အနိုင်ရလွှတ်တော်ကိုယ်စားလှယ်  ၂၉ ဦးတွင် အမျိုးသမီး ၅ ဦး အနိုင်ရရှိခဲ့သဖြင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိမှုမှာ ၁၇ ရာနူန်း ရှိသည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၃ ဦးသာ အနိုင်ရရှိခဲ့ပြီး ၎င်းတို့မှာ ရခိုင် အမျိုးသားပါတီကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဖြစ်ကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်နီနီမေမြင့်တို့ ဖြစ်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိသည့်  ဒေါ်ထုမေက “ ရခိုင်နိုင်ငံရေးထဲမှာ အမျိုးသမီးတွေ ပါဝင်လာခြင်းက ကျွန်မတို့ ပြည်နယ်အတွက် အလားအလာ ပိုကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အမျိုးသမီးတွေ တိုးလာခြင်းက အမျိုးသမီးတွေကို ကိုယ်စားပြုသလိုပဲ နိုင်ငံတာဝန်ကို အမျိုးသမီးတွေ ယူလာကြပြီဆိုတဲ့ အတွက် ကျွန်မတို့ လှိုက်လှိုက်လှဲ ကြိုဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးက နေပြီးတော့ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ စိတ်ပါဝင်စားလာကြတယ်။ လုပ်နိုင်တယ်။ ပီးလို့ရှိရင် ကျွန်မတို့ နိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ အမျိုးသမီးတွေ အင်တိုက် အားတိုက်ပါဝင်ခြင်းဟာ အင်မတန်မှ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ဖြစ်တဲ့ အတွက်ကြောင့်မို့ ကျွန်မအနေနဲ့ အင်မတန်မှ ဝမ်းသာပါတယ်။ အမျိုးသမီးတွေ လက်တွဲညီညီ လုပ်လို့ရှိရင် ကျွန်မတို့ပြည်နယ် ငြိမ်းချမ်းရေးအတွက် ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကလေးသူငယ်တွေအတွက်၊ အမျိုးသမီး အခွင့်အရေးအတွက် ပိုပြီးတော့ စွမ်းစွမ်းတမံ ဆောင်ရွက်လာနိုင်ကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု ပြောဆိုသည်။

တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော် နေရာ အနိုင်ရသူ ဒေါ်လှသက်စိုး (ခ) ခင်ထိပ်ထားက “ ကျွန်မတို့ တောင်ကုတ်က ကျွန်မနဲ့ ပြည်နယ်လွှတ်တော် အမှတ် (၂) က ဒေါ်ခင်မျိုးယဉ် တို့ အနိုင်ရပါတယ်။ အမျိုးသမီးတွေ အနိုင်ရတာ ကိုယ်ဒေသ၊ ကိုယ့်ပြည်နယ် အရေးအပြင် အမျိုးသမီးတွေ အခွင့်အရေးအတွက် ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပါတီက ချမှတ်ထားတဲ့ မူဝါဒ လေးချက်ပေါ့နော်။ တန်းတူညီမျှမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးတို့အတွက် ကျွန်မအနေနဲ့ ကြိုးပမ်းဖော်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ