ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

AA မှ စရဖတပ်ကို သိမ်းလိုက်ပြီဟု သတင်းထွက်၊ ဆက်လက်ပြီးဆေးတပ်၊ CODနှင့် အမြောက်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 891

(လက်လွှတ်လိုက်ရသည့် စရဖအဆောက်အဦများကို စစ်ကောင်စီဗုံးကြဲ)

နိရဉ္စရာ၊ အောက်တိုဘာ ၂၃/၂၀၂၄

အမ်းအခြေစိုက် နပခဌာနချုပ်အပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်တပ်ရင်းများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော် (AA)သည် အမ်းမြို့ရှိ စရဖ (ထောက်လှမ်း​ရေးတပ်) ကို သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေပြီး ဆက်လက်ကာ ဆေးတပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD) နှင့် အမှတ် (၃၇၄) အမြောက်တပ်တို့ကို  အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

ဒေသအတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးက “ စရဖ ရုံးက စစ်သားတွေ ဆေးတပ်ကို နောက်ဆုတ်ပြီး ခုခံနေကြတယ်။ စရဖရုံးထဲကို နေရာမှားပြီး လေယာဉ်က ဗုံးကြဲတယ်လို့ သိရတယ်။ အကျအဆုံးတွေရှိတယ်လို့ သိရတယ်။ ကျန်တဲ့ စစ်သားတွေက ဆေးတပ်ကို နောက်ဆုတ်ပြီး အဲဒီကနေ ခုခံနေကြတယ်လို့ သိရပါတယ်။ ဆေးတပ် ကျရင် အနောက်ပိုင်းတိုင်းကို ရောက်မယ်။ အခုက စရဖဝင်းထဲက အဆောက်အဦတွေကို စစ်ကောင်စီလေတပ်က အကြိမ်ကြိမ် ဗုံးကြဲနေပါတယ်”ဟု ပြောသည်။

စရဖတပ်ကို အေအေမှ ထိုးစစ်ဆင်တိုက်နေပြီး အောက်တိုဘာ ၂၃ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းနေ့  ညအချိန်တွင် COD တပ်နှင့် အမြောက်တပ် (၃၇၄) ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

"မနေ့ကညနေကတည်းက စရဖကို သိမ်းပိုက်လိုက်ပြီလို့သိရတယ်။ စရဖတပ်က အကျအဆုံးများနေပြီး ဒဏ်ရာ ရလူတွေကို အမှတ် (၂) စာသင်ကျောင်းကိုပို့ထားတယ်လို့သိရပါတယ်။ ညတွင်းဘဲအခု COD တပ်နဲ့ အမြောက်ကြီးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ အခုဆို နပခဌာနချုပ်နဲ့အနီးဆုံးဆိုလို့ ရလာပါပြီ"ဟုသူကဆိုသည်။

စစ်ကောင်စီလေယာဉ်က နေရာမှား၍ ဗုံးကြဲရာမှ သေဆုံးသွားခဲ့ရသည့် စရဖတပ်ဝင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆေးတပ်အနီးက သုဿန်နှင့် မြို့သစ်သုဿန်တို့တွင် တစ်ခြားတိုက်ပွဲများမှ သေဆုံးခဲ့ရသည့် စစ်သားများနှင့်အတူ သင်္ဂြိုလ်ခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် စရဖအတွင်းက စစ်သားများမှာ ဆေးတပ်သို့ နောက်ဆုတ်သွားခဲ့ရပြီး ဆေးတပ်ကိုလည်း AA က ဆက်လက်တိုက်ခိုက်နေရာ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

အမ်းဒေသခံတစ်ဦးကလည်း အမ်းမြို့ပတ်ဝန်းကျင်ကို y-12 ဖြင့် ယနေ့ တစ်နေ့လုံး ဗုံးကြဲချနေသည်ဟု နိရဉ္စရာသတင်းဌာနသို့  ချက်ဘောက်ကနေ ပေးပို့တဲ့စာထဲတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အမ်းမြို့ ရပ်တော်မူ ဘုရားတောင်၊ သောက်ရေဖြန့်ဖြူးနေသည့်ဆည်၊ မြို့သစ်တံတားနှင့် ပဲပဒုံ တံတားတို့ကိုလည်း စစ်ပွဲရှုံးပါ ဖောက်ခွဲဖျက်ဆီးရန် မိုင်းများ တပ်ဆင်ထားသည်ဟု ကြားသိရသဖြင့် ဒေသခံများမှာ စိုးရိမ်နေကြရသည်ဟု ဆိုသည်။

အာရက္ခတပ်တော်သည် အမ်းမြို့အား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့ ပတ်ပတ်လည်မှာ စစ်မြေပြင်ဖြစ်နေကာ တိုက်ပွဲများမှာ နေ့ရော ညပါ အလွန်ပြင်းထန်လျက်ရှိနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ