ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ခန့်မှန်းခြေလူပေါင်း ၄ဝဝဝ ကျော်ခန့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.7k

အိ်မ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၃၁ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ရွှေ့ပြောင်းနေထိုင်သူ ခန့်မှန်းခြေ လူပေါင်း ၄ဝဝဝ ကျော်ခန့်မှာ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ကြောင်း စက်ရုံစုရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးထွန်းတင်က  ပြောသည်။

 “ မဲစာရင်းမှာ အဲဒီမီးလောင်ကွင်းမှာပြောင်းရွှေ့နေထိုင်တဲ့ လူတိုင်းနာမည်မပါလာဘူး။ လူလေးထောင်ကျော်လောက်ရှိမယ်။ အိမ်ထောင်စုစာရင်းတွေလည်း လာကောက်တယ်။ အသက်ပြည့်တဲ့ လူစာရင်းတွေလည်း အရင် နှစ်ကြိမ်သုံးကြိမ်လာကောက်ထားတယ်။ အခုကျတော့ မဲစာရင်းမှာမပါတော့ စိတ်မကောင်းဖြစ်ကြတာပေါ့။ မဲပေးချင်ကြတယ်လေ။ နိုင်ငံသားတိုင်းမှာ အဲဒီအခွင့်အရေးရှိရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း မပါဘူး စာရင်းထဲမှာ၊ ကျွန်တော်က မီးလောင်ကွင်းမှာ နေတာမို့ပါ ” ဟု သူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။ 

အဆိုပါ လူ ၄ဝဝဝ ကျော်မှာ စက်ရုံစုရပ်ကွက်မီးလောင်ကွင်းနေရာတွင် ရခိုင်ပြည်နယ် နေရာဒေသအသီးသီးမှ ပြောင်းရွှေ့နေထိုင်သူများဖြစ်ကြောင်း ၊ ဇူလိုင်လ ၂၅ ရက်နေ့က ပထမအကြိမ် မဲဆန္ဒရှင်  စာရင်း ကပ်ထားကြေညာချက်တွင် မပါရှိသဖြင့် ရပ်ကွက်သူ/သားများ မကျေမနပ်ဖြစ်နေကြကြောင်း ၎င်းက ပြောဆိုသည်။ ။

မဲစာရင်းတွင် နာမည်မပါလာခြင်းမှာ နိုင်ငံသားအခွင့်အရေးမရှိသလိုခံစားရကြောင်း ပေါက်တောမြို့နယ်မှ ပြောင်းရွှေ့နေထိုင်လာသည့် မမြတ်မြတ်စံကလည်း ပြောသည်။

“ ကျွန်မတို့ ဒီမှာနေတဲ့လူတွေအကုန်လုံးပါမလာဘူးဆိုတော့ ဒါဟာ ကျွန်မတို့ မဲမပေးရတော့ဘူးလားပေါ့နော်။ ကျွန်မတို့ နိုင်ငံသားမဟုတ်ဘူးလား။ ကျွန်မကိုယ်ကျွန်မ နိုင်ငံသားမဟုတ်တော့သလိုခံစားရတယ်။ အကုန်လုံးလည်း ဒီလိုခံစားနေကြတယ်” ဟု သူမက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်သို့ ဆက်သွယ် မေးကြည့်ရာ မဲစာရင်းနာမည်မပါလျှင် ရက်ပေါင်း ၉ဝ အထက် ပြောင်းရွှေ့နေထိုင်သူဖြစ်ပါက ပြန်လျှောက်ထားနိုင်ကြောင်း ပြောကြားသည်။

 “သူတို့က အဲဒီမှာ ပုံစံ ၁ဝ တွေဘာတွေနဲ့ နေတာမဟုတ်တော့ ရမှာမဟုတ်ဘူးလေ။ ကျွန်တော်တို့က အဲဒီအချိန်ကျရင် တစ်ခေါက်ကပ်မယ်။ အဲဒီအချိန်ကျရင်သူတို့က ရက်ပေါင်း ကိုးဆယ်နဲ့ အထက် ပြောင်းရွှေ့နေထိုင်တဲ့စာရင်းနဲ့ သူတို့ကလျှောက်ရမှာ။ အဲလိုလျှောက်တဲ့အခါမှ သူတို့ကို မဲစာရင်းတွေ ထဲထည့်ပေးမှာပေါ့နော်” ဟုပြောသည်။

၄င်းပြင် သူတို့မှာ အရင်က နေထိုင်ခဲ့သည့် မြို့နယ်များတွင် ကပ်ထားသည့် မဲစာရင်းတွင်ပါနိုင်ကြောင်း၊ စက်ရုံစု ရပ်ကွက်တွင် လက်ရှိနေထိုင်နေသည့်အတွက် ရက် ၉ဝ နောက်ပိုင်း နေထိုင်ကြောင်းကို သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ သွားရောက်လျှောက်ထားမှသာ မဲစာရင်းတွင် ထည့်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

၄င်းစက်ရုံစုရပ်ကွက်မှ မီးလောင်ကွင်းနေရာလွတ်တွင် တဲဆောင်ပေါင်း ၄ဝဝဝ ကျော်အထိရှိကြောင်း စက်ရုံစုရပ်ကွက်ရှိ တာဝန်ရှိသူများမှတစ်ဆင့် သိရသည်။

လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲဆန္ဒရှင် တစ်သန်း ခြောက်သိန်းကျော် မဲပေးခွင့်ရမည်ဖြစ်သည်။ မဲဆန္ဒရှင်များ၏ စာရင်းကို  ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများတွင် ကပ်ထားကြေညာပြီးဖြစ်ကာ အောက်တိုဘာလတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံ ကပ်ထားကြေညာသွားမည်ဟု သိရသည်။

အဆိုပါ စက်ရုံစုရပ်ကွက်မှာ ယခင်က မူဆလင်မိသားစုများ နေထိုင်ခဲ့သည့်နေရာဖြစ်ပြီး လွန်ခဲ့သည့် ၂ဝ၁၂ ခုနစ် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း ထွက်ပြေးသွားကြသဖြင့် လက်ရှိတွင် အမြို့မြို့အနယ်နယ်မှ စစ်ဘေးရှောင်များ၊ နေ့စားအလုပ်သမားများ၊ အလုပ်လက်မဲ့များမှာ ပြောင်းရွှေ့နေထိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ