- Web Master
- ၂၅ မတ် ၂၀၂၄
ထွန်းခိုင်
နိရဥ္စရာ၊ သြဂုတ် ၁၆ / ၂ဝ၂ဝ
ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွားထားသော မူဆလင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချ လိုက်ကြောင်း ပယ်ချခံရသူ ကာယကံရှင်များက ပြောသည်။
ပယ်ချခံရသူနှစ်ဦးမှာ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းသူ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီမှ ဦးအဒူရော်ရှိနှင့် ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့်သူ အဘူတာဟေရ်တို့ဖြစ်ကြောင်းသိရှိရသည်။
ဘူးသီးတောင်မြို့နယ်မှ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်း ထားသော အဘူတာဟေရ်က “မောင်တောခရိုင် ရွေးကော်ပွဲကော်မရှင်ကနေပြီးတော့ မနေ့က မနက် ၁၁ နာရီလောက်မှာ ပယ်ချလိုက်တယ်။ တရားဝင်စာမှာတော့ ဥပဒေနဲ့ကိုက်ညီမှုမရှိဘူးလို့ပါတယ်” ဟု ပြောသည်။
၎င်း၏မိဘများမှာ တရားဝင်နိုင်ငံသားများဖြစ်ကြပြီး ယခင်က ထုတ်ပေးခဲ့သော မှတ်ပုံတင်များကို ကိုင်ဆောင်ခဲ့သူများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုလုပ်ရပ်မှာ တရားမျှတမှုမရှိသည့်အပြင် ဥပဒေနှင့်လည်း ကိုက်ညီမှုမရှိကြောင်းနှင့် အကြောင်းပြချက်လည်း ခိုင်လုံမှု မရှိကြောင်း ပြောသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီမှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအဒူရော်ရှိက “ ကျနော်မိဘတွေ နိုင်ငံသား မဖြစ်ဘူးဆိုပြီး ပယ်ချခံရတာဖြစ်တယ်။ အဓိကနိုင်ငံသားဖြစ်မှု ဥပဒေဖြစ်တယ်။ ဒါကိုအစိုးရက နေပြီးတော့ ဖြေရှင်းပေးဖို့လိုတယ်” ဟုပြောသည်။
ယခုပယ်ချခံရသူများမှာ မိဘများ နိုင်ငံသားမဖြစ်ခဲ့ဆိုသော စွပ်စွဲချက်ဖြင့် သက်ရာဆိုင်ခရိုင်မှ ပယ်ချခံရခြင်း ဖြစ်ကြောင်း သူက ပြောသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီမှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအဒူရော်ရှိက ဆက်လက်ပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အယူခံဝင်သွားမည်ဖြစ်သော်လည်း ဘူးသီးတောင်မြို့နယ်မှ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းထားသော အဘူတာဟေရ်မှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ အယူခံတင်သွင်းမည်မှာ မသေချာသေးကြောင်း ပြောသည်။
၎င်းတို့မှာ ၂ဝ၁၅ ခုနှစ်က အမည်စာရင်းတင်သွားရာတွင်လည်း ပယ်ချခံခဲ့ရကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူ မူဆလင်လူမျိုး ၆ ဦးရှိပြီး ၅ ဦးမှာ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီမှဖြစ်ပြီး ကျန်တစ်ဦးမှာ ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်အမည်စာရင်း တင်သွင်းထားသော အဘူတာဟေရ်ဖြစ်သည်။