ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ၄ဦး၊ တစ်သီးပုဂ္ဂလတစ်ဦးလွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှပယ်ချခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် မောင်တောခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ၄ ဦးနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ကို လွှတ်တော်ကိုယ်စားလှယ်စာရင်းမှ ပယ်ချလိုက်သည်ဟု သတင်းရရှိသည်။

၎င်းပယ်ချခံရသူများမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ဥက္ကဋ္ဌဖြစ်သူ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မင်း (ခ) မာမောက်ရှောင်ရုအနော်ရိုလာဟောက်၊ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအောင်လှ၊ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးစောမြင့် (ခ) ဦးဇာဖောရ်အူလ္လာနှင့် စစ်တွေမြို့နယ် ကနေ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ့်  ဦးအဒူရော်ရှိ တို့ဖြစ်ကြသည်။

၎င်းပြင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကနေ  တစ်ဦးပုဂ္ဂလ  ဝင်ရောက်ယှဉ်ပြိုင်မည့်  ဦးအဘူတာဟေရ်လည်း ပယ်ချခံခဲ့ရကြောင်း သတင်းရရှိငည်။ 

အဆိုပါ ကိစ္စနှင့် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မြင့်သို့ ဆက်သွယ်ရာ မောင်တောခရိုင်တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ၃ ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့ ပယ်ချခံရခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။ 

“ ဘူးသီးတောင်က ဟိုတစ်နေ့က တစ်ယောက် ပယ်ချခံရပါတယ်။ မနေ့က လေးယောက်ထဲမှာ တစ်ယောက်ကတော့ ရပါတယ်။ ဦးအေးဝင်းပါ။ သုံးယောက်ကတော့ ပယ်ချခံရပါတယ်။ သူတို့က ဦးကျော်မင်း၊ ဦးအောင်လှ၊ ဦးစောမြင့်ဖြစ်ပါတယ်။ နောက်ဘူးသီးတောင် ဦးအဘူတာဟေရ်လည်း ပယ်ချခံရပါတယ်။ ပယ်ချတယ်ဆိုတာက ရွေးကောက်ပွဲ ဥပဒေအရဆိုလို့ရှိရင် မွေးဖွားချိန်က မိဖနှစ်ပါးက နိုင်ငံသား မဖြစ်ဘူးလေ။ ဒါကြောင့်မို့လို့ ပယ်ချတာပါ” ဟု မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။ 

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ဦးအေးဝင်း (ခ) နိုစ်မူဟာမတ်တစ်ဦးသာ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု သိရသည်။ 

ပယ်ချခံရသည့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့်  ဦးအဘူတာဟေရ်သို့ ဆက်သွယ်ရာ ၎င်းက “ဥပဒေကြောင်းအရ ကျွန်တော်တို့ မိဖနှစ်ပါးရော၊ အဖိုးအဖွားတွေရော ကျနော်တို့ မမွေးခင်ကတည်းက နိုင်ငံသားဖြစ်ပြီးသား လူတွေဖြစ်တဲ့ အတွက် ကျနော်တို့က ဆက်လက် အယူခံသွားဖို့ဘဲရှိတယ်။ အခုလုပ်တာက သူတို့ ပေါ်လစီအရ ပယ်ချတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလူတွေက ၁၉၄၈ နိုင်ငံသားဥပဒေ ပုဒ်မ (၄) ပုဒ်မခွဲ(၂) အရ နိုင်ငံသားဖြစ်ပြီးသားလူတွေ၊ အဲဒီ အမျိုးသား မှတ်ပုံတင်တွေကို ကိုင်ဆောင်ခဲ့တာကလည်း ၁၉၇၅ ကတည်းက ဆိုတော့ ကျနော် မမွေးခင်းကတည်းက ကျနော်မိဖနှစ်ပါးရော၊ ဘိုးဘွားတွေရော ဥပဒေကြောင်း အရ လုံးဝ နိုင်ငံသားစစ်စစ်တွေဖြစ်တယ်ဆိုတာ အစိုးရမှတ်တမ်းမှတ်ရာအရ လုံးဝ Conform ဖြစ်ပြီးသား။ ဒါတောင်မှ သူတို့ပယ်ချတယ်ဆိုတာ ဥပဒေအရ မဟုတ်ဘဲ ပေါ်လစီအရ လုပ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ပြောဆိုသည်။ 

ဦးဦးအဘူတာဟေရ် ပြောကြားချက်အပေါ် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မြင့်သို့ ဆက်လက်မေးမြန်းရာ ၎င်းက “ ကျွန်တော်တို့ကတော့ နိုင်ငံသားဖြစ်တယ် မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ ရွေးကောက်ပွဲ ဥပဒေနှင့် အညီ ဆောင်ရွက်တာဖြစ်တယ်။ မွေးဖွားချိန်က မိဖနှစ်ပါးဟာ နိုင်ငံသားဖြစ်ရမယ်လို့ ပြောထားတဲ့အတွက် ကျွန်တော်တို့ရဲ့ ဥပဒေအရ ဒီအတိုင်းဘဲ ကိုင်ပြီးဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အကယ်၍ သူတို့ဒါကို မကျေနပ်ဘူးဆိုရင် ၇ ရက်အတွင်း ပြည်နယ် ကော်မရှင် အဖွဲ့ခွဲမှာ အယူခံဝင်ခွင့် ရှိပါတယ်” ဟု ပြောဆိုသည်။ 

တစ်ခြားပယ်ချခံရသူ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း၊ ဦးအဒူရော်ရှိသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။ 

(ဓာတ်ပုံ- ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အဖွဲ့ခွဲကော်မရှင် အစည်းအဝေးပြုလုပ်နေကြစဉ်)


ဆက်စပ် သတင်းများ