ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် မြို့နယ်ဥက္ကဋ္ဌ တစ်ဦးတို့ကို ANPပါတီမှ ထုတ်ပယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၅/၂ဝ၂ဝ

ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးနှင့် မြို့နယ်ဥက္ကဋ္ဌ တစ်ဦးတို့ကို ထုတ်ပယ် လိုက်ကြောင်း စက်တင်ဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်သည်။

ထုတ်ပယ်ခံရသူ ၄ ဦးမှာ မောင်တောမြို့နယ် ANP ဥက္ကဋ္ဌဦးခင်မောင်သန်း၊ ၎င်းမြို့နယ် ANP မြို့နယ် ကော်မတီဝင် လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်း၊ အမှတ်(၈) မဲဆန္ဒနနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၊ ဘူးသီးတောင်မြို့နယ် ANP ပါတီ အတွင်းရေးမှူး အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့ ဖြစ်ကြသည်။  

သူတို့ ၄ ဦးမှာ ပါတီကချမှတ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မလိုက်နာ၍ ထုတ်ပယ်ရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌဦးသာထွန်းလှက ပြောသည်။

“သူတို့က ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အခါ လျှောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးမခံရပေမဲ့ တစ်သီးပုဂ္ဂလကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ သတ်မှတ် ထားတာကို တစ်သီးပုဂ္ဂလဝင်ပြိုင်တဲ့အတွက်  ပါတီရဲ့စည်းမျည်းစည်းကမ်းကို ဖောက်ဖျက်တယ်ဆိုပြီး ပါတီက ထုတ်ပယ်လိုက်တာ” ဟု ၎င်းက ပြောသည်။

၎င်းတို့သည် ပါတီက ချမှတ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရေးဆိုင်ရာ ဥပဒေ အပိုဒ် (၆)နှင့် (၇)တို့ကို ချိုးဖောက်ကျူးလွန်ခဲ့သည်ဟုဆိုသည်။  

မောင်တောမြို့နယ် ANP ဒုဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက “ ဦးလေးတို့ကို ကိုယ်စားလှယ်လောင်းစာရင်းက ပယ်လိုက်တယ်။ သြဂုတ် ၇ နေ့က ရွေးကောက်ပွဲကော်မရှင်ကို တသီး ပုဂ္ဂလ ဝင်ပြိုင်ဖို့ တင်သွင်းခဲ့တယ်။ ဘာလို့လဲဆိုရင် ဒေသခံတချို့ ဖုန်းဆက်လာတယ်။ ပြိုင်ဖို့ တောင်းဆိုတဲ့ အတွက်ပါ။ ဘယ်လိုမှတော့ မဖြစ်ပါဘူး။ ပါတီကထုတ်တယ်ဆိုလည်း လုပ်သင့်လို့လုပ်တယ်လို့မှတ်ပါတယ်” ဟုပြောသည်။

ဘူးသီးတောင်မြို့နယ်မှ မြို့နယ်ပါတီအတွင်းရေးမှူးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ၄င်းမှာ စာနှင့်တကွ ၂ဝ၂ဝ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ကပင် နုတ်ထွက်စာ တင်ထားသည့် အတွက် ပါတီမှ ထုတ်ပယ်ခြင်း၊ မပယ်ခြင်းမှာ သူ့အတွက် မည်သည်မျှ မခံစားရကြောင်းပြောဆိုသည်။

“တစ်သီးပုဂ္ဂလရွေးချယ်ခံလို့ ထုတ်တယ်လို့ပြောတယ်။ ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ချမှတ်ထားတဲ့ ဗဟိုရွေးချယ်ရေးအဖွဲ့မှာ ၅ ယောက်ရှိတယ်။ နောက်ထပ် နိုင်ငံရေးဦးဆောင်ပါတီိ ဗဟိုငါးယောက်ရှိတယ်။ အဲဒီ ၁ဝ ယောက်က  မြို့နယ်က တင်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရတယ်။ ဗဟိုက သူတို့ ချမှတ်ထားတဲ့ မူတွေကို သူတို့ဖျက်ပြီးတော့  အမျိုးမျိုးစည်းမရှိ၊ ကမ်းမရှိ၊ ရွေးသွားတဲ့အတွက် တသီးပုဂ္ဂလ ဝင်ပြိုင်ရခြင်း ဖြစ်တယ်။ ဦးလေးက ကိုယ့်ဖာသာထွက်တယ်ဆိုပြီး ထုတ်ပြန်လို့ တစ်လပြည့်မှ ပါတီက ထုတ်ပြန် တာပါ”ဟုပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရာတွင် သဘောထား ကွဲလွှဲမှုများရှိခဲ့သည့် အတွက် ယခုကဲသို့ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်နေကြသလို ပါတီမှ မိမိတို့ ဆန္ဒအလျောက်နုတ်ထွက်သူများရှိနေကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ