ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စက်တင်ဘာ ၈ ရက်နေ့ စတင်ကြောင်း ကော်မရှင်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၆/၂ဝ၂ဝ

နိုဝင်ဘာလ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို ၂ဝ၂ဝ ခုနှစ် စက်တင်ဘာလ ၈ ရက် နံနက် ၆ နာရီမှ စတင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၆ဝဖြစ်ပြီး စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီထိ ခွင့်ပြုကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ညွှန်ကြားချက် အမှတ် (၁/၂ဝ၁၄) နှင့် အဆိုပါညွှန်ကြားချက်ကို ပြင်ဆင်သည့် ညွှန်ကြားချက်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂ဝ၂ဝ မေလ ၂၆ ရက်နေ့ ညွှန်ကြားချက်များကို လေးစားလိုက်နာလိုအပ်ကြောင်း ဖော်ပြထားသည်။

၎င်းအပြင် နိုင်ငံရေး ပါတီများနှင့်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲကျင့်ဝတ်၊ အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်း လမ်းညွှန်( Standard Operating Procedure-SOP) နှင့် သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာအမိန့်များ၊ လမ်းညွှန်ချက်များကို  အထူးအလေးထား လိုက်နာ ဆောင်ရွက်ရန် ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ