တောင်ကုတ်မြို့တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကို ထောက်ခံကြောင်းလူပေါင်း ၁၀၀၀ ခန့် ဆန္ဒဖော်ထုတ်
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၁၀ ဖေဖော်ဝါရီ ၂၀၂၁
-
| ကြည့်ရှုသူ:
2.6k
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈ / ၂၀၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်းအား ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်က တောင်ကုတ်မြို့မှ ဒေသခံပြည်သူလူထု ထောင်ချီ ထောက်ခံဆန္ဒပြု ကြိုဆိုခဲ့ကြောင်း သတင်းရရှိသည်။
ထောက်ခံဆန္ဒပြုပွဲတွင် ပါဝင်သူ တောင်ကုတ်မြို့ခံ မခိုင်ခိုင်က “ကျွန်မတို့ဟာ စစ်တပ်က အာဏာရှင် စနစ်ကို သိပ်သဘောမကျပေမဲ့ အခုဒီလို အာဏာထိမ်းသိမ်းထားတာကို ထောက်ခံပါတယ်။ အခုချိန်မှာတော့ သူတို့ ဘယ်လိုလုပ်မလဲ ဘယ်လိုအကွက်တွေရွေ့မလဲ စောင့်ကြည့်ရဦးမှာဖြစ်တယ်” ဟုပြောသည်။
အဆိုပါထောက်ခံဆန္ဒပြုပွဲသို့ ကိုယ့်ဆန္ဒနှင့်ကိုယ် ရောက်ရှိလာကြောင်း တောင်ကုတ်မြို့မှ ပန်းတင်ကျွန်း အရှေ့ဘက်ရွာသား ဦးမောင်သန်းရွှေက ပြောသည်။
“ ကျွန်နော်တို့ အခုလို ဆန္ဒပြုပွဲကိုလာတာ မည်သူတစ်ဦးတစ်ယောက်က လှုံ့ဆော်မှုကြောင့်လာတာ မဟုတ်ဘူး။ ကိုယ့်ဆန္ဒနဲ့ကိုယ်လာတာပါ။ သူများတွေပြောသလို နေ့စား ငွေ ရလို့လာတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။” ဟု ၄င်းက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် တောင်ကုတ်မြို့ ပေါ် လမ်းမကြီးတစ်လျှောက် လူဦးရေ ၁၀၀၀ ခန့် ပါဝင်ပြီး တောင်ကုတ်ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူပေးခဲ့ကြောင်းသိရှိရသည်။