သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အချိုးကျ ကိုယ်စားပြုစနစ် ( PR System) နှင့် စပ်လျဉ်း၍ စာတမ်းများ ပြုစုပေးပို့ရန်ကိစ္စအပေါ် ရခိုင့်ဦးဆောင်ပါတီ( AFP) အနေဖြင့် စဉ်းစားသုံးသပ်နေဆဲဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 1.3k

ဇော်ဝင်းဌေး (ငခူချောင်း)

နိရဉ္စရာ ၊ မတ်လ ၄ / ၂၀၂၁

အချိုးကျ ကိုယ်စားပြုစနစ် ( PR System) နှင့် စပ်လျဉ်း၍ စာတမ်းများ ပြုစုပေးပို့ရန် လက်ရှိရွေးကောက်ပွဲကော်မရှင်က စာရေးတောင်းဆိုထားမှုကိစ္စအား ရခိုင့်ဦးဆောင်ပါတီ( AFP) အနေဖြင့် သုံးသပ်နေဆဲဟု ပါတီဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးက နိရဉ္စရာသို့ ပြောသည်။

 အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမှုနဲ့ ပတ်သက်လို့ကတော့ ရခိုင့်ဦးဆောင် ပါတီအနေနဲ့ သုံးသပ်နေတုန်းပါ။ ပို့ပေးမှုနဲ့ ပတ်သက်လို့ကတော့ သုံးသပ်နေတုန်း၊ ပြုစုနေတုန်း၊ ပို့သင့် မပို့သင့် ကြည်ရအုံမယ်ဟုပြောသည်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီက အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သစ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ တက်ရောက်လာသည့် နိုင်ငံရေးပါတီအချို့က လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်ဖြစ်သော မဲအများဆုံး ရရှိသူတစ်ဦးသာ အနိုင်ရ ကိုယ်စားလှယ်ဖြစ်သည့် First Past The Post  System (FPTP System) အစား နိုင်ငံတော်နှင့် သင့်လျော်သည့် အချိုးကျ ကိုယ်စားပြုစနစ် Proportional  Representation System ( PR System) ကို ပြောင်းလဲကျင့်သုံရန် တင်ပြခဲ့ကြကြောင်း သိရသည်။

 အဆိုပါစနစ်သည် လူထုကိုယ်စားပြုအသံပါနိုင်ရန်အတွက် တတ်နိုင်သလောက်ပြောင်းလဲ ပြုလုပ်မည့် သဘောဖြစ်သည်ဟု နားလည်ကြောင်း သူကဆက်ပြောသည်။

 “ FPTP တစ်မဲသာ အနိုင်ရစနစ်မှာ ဆန္ဒမဲ ၆၀ ၊ ဆန္ဒမဲ ၄၀ အသီးသီး ရရှိကြတယ်ဆိုရင် ဆန္ဒမဲ ၆၀ ကိုယ်စားပြုတဲ့သူက တက်လာပြီးတော့ ဆန္ဒမဲ ၄၀ ရတဲ့လူက နိုင်ငံရေးတာဝန်တွေမှာ လုပ်ပိုင်ခွင့်မရှိတော့တဲ့ သဘောပေါ့။ တစ်မဲသာအနိုင်ရစနစ်နဲ့ လုပ်မယ်ဆိုရင် ပါတီကြီးတွေက ထပ်ကာတလဲလဲနိုင်နေတဲ့အတွက် ကြီးတဲ့ပါတီက ကြီးသထက်ကြီးလာပြီး ငယ်တဲ့ပါတီတွေက ငယ်သထက် ငယ်လာတတ်တဲ့ သဘောရှိတယ်။ PR စနစ်က အဲဒီလိုမျိုးမဖြစ်ရအောင် ရှုံးသွားတဲ့ဘက်က ကိုယ်စားပြုနိုင်ဖို့အတွက် စီစဉ်ထားတဲ့ သဘောလို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ ဒီလိုမျိုးမဖြစ်ရလေအောင် အားနည်းတဲ့အဖွဲ့အစည်းတွေကလည်း အသံထွက်နိုင်အောင် တင်ပြတဲ့သဘောလိုတော့ နားလည်တယ် ဟု ပြောသည်။

 သို့သော်လည်း မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီ၊ မကိုက်ညီကို အသေးစိတ်သုံးသပ်မှုများ လုပ်သင့်ကြောင်း ၄င်းက ဆက်ပြောသည်။

နိုင်ငံရေးပါတီများက သုံးသပ်ပြုစုထားသော စာတမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်နှင့် နိုင်ငံရေးပါတီများ ထပ်မံတွေ့ဆုံသည့် ဆွေးနွေးပွဲများတွင် ဆွေးနွေးသုံးသပ်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ