သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ANP တောင်းဆိုထားမှုအပေါ် မူတည်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ရပ်တည်(သို့မဟုတ်) လမ်းခွဲခြင်းဖြစ်လာနိုင်ကြောင်း ANP ပါတီဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.6k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မတ် ၁၁/ ၂၀၂၁

 

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) ဥက္ကဋ္ဌနေရာနှင့် ကောင်စီအဖွဲ့ဝင် (၂) နေရာအတွက် ရခိုင်အမျိုးသား ပါတီဝင်အား ခန့်အပ်ပေးရန် တောင်းဆိုထားမှုအပေါ် မူတည်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ(နစက) နှင့် ရပ်တည်သွားခြင်း (သို့မဟုတ်) လမ်းခွဲခြင်းဖြစ်သွားနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဖေသန်းက ပြောသည်။

 

အဲဒီတောင်းဆိုမှု ရ/မရကို အချိန်ကာလတစ်ခုအထိ ကျွန်တော်တို့က စောင့်ကြည့်ပြီးတော့ လာမယ့် မကြာမီအချိန်အတိုးအတွင်းမှာ ဗဟိုကော်မတီအစည်းဝေး ပြန်ခေါ်မယ်။ အဲဒါပြီးမှ စစ်ကောင်စီနဲ့ ဒီဟာကို မရတဲ့အတွက် ကျွန်တော်တို့ လက်ခံနိုင်မလား၊ ကျွန်တော်တို့ တောင်းဆိုချက်တွေဟာ ဘယ်လောက်အထိ ကောင်စီက လက်ခံထားပြီလဲ၊ ပုံဖော်ထားပြီလဲ ဆိုတာတွေကို ဆုံးဖြတ်ပြီးမှ ပါတီနဲ့ လက်ရှိကောင်စီနဲ့ ပါဝင်ဆောင်ရွက်နိုင်မှု အပေါ်မှာ ရပ်တည်သွားဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့မဟုတ် မပါဝင်ဘဲ ပြတ်ပြတ်သားသား လမ်းခွဲဖို့ဟာလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဟု ပြောသည်။


စစ်တွေမြို့ရှိ ပါတီဗဟိုဌာနချုပ်၌  မတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ANP  ဗဟိုကော်မတီ အစည်းအဝေးအပြီးတွင် ဆက်သွယ်မေးမြန်းစဉ် ဦးဖေသန်းက ပါတီရပ်တည်ချက်နှင့် ပတ်သက်ပြီး ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

 

ANP ပါတီအနေဖြင့် ဖေဖော်ဝါရီ ၄ ရက်နေ့က အချက် (၇) ချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

 

ထိုအချက် (၇) ချက်ထဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနေရာနှင့် ကောင်စီအဖွဲ့ဝင် (၂) နေရာအတွက် ANP ပါတီဝင်အား ခန့်အပ်ပေးရန် တောင်းဆိုသည့် အချက်ပါရှိပြီး ယင်းအချက်များနှင့် ပတ်သက်၍

 

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ကူညီရေး၊ ၂ နှစ်တာတိုက်ပွဲကာလအတွင်း မီးရှို့ခံထားရသည့် နေအိမ်များအား ပြန်လည်ဆောက်လုပ်ပေးရေး၊ လျော်ကြေးပေးရေးစသည့် ရခိုင်ပြည်နယ် အရေးတို့နှင့် ပတ်သက်ပြီး မိမိကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ကောင်စီဝင်ဖြစ်ရန် တောင်းဆိုခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

 

ပါတီကို ဝေဖန်တိုက်ခိုက်ထားတာတွေအတွက် ဒီနေ့ဆိုရင် ပါတီက လုပ်ဆောင်ချက်တွေကို လူတွေကို သက်သေပြနိုင်တဲ့အနေအထားရှိသလို နောင်လာမယ့် ကိစ္စတွေကိုပါ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီရေးတွေ၊ အိမ်ဆောက်ပေးဖို့ကိစ္စတွေ၊ လျော်ကြေးပေးဖို့ဟာတွေ ရှိတယ်ပေါ့။ အခြား စိန်ခေါ်မှုမြောက်များစွာရှိတာကို ရခိုင်အမျိုးသားပါတီက တိုက်ရိုက် ကိုယ့်လက် ကိုယ့်ခြေနဲ့ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ဒီလုပ်ပိုင်ခွင့်တွေကို တောင်းဆိုထားတယ် ဟု သူက ဆက်ပြောသည်။

 

ANP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု ဆိုကာ ဝေဖန်မှုများမြင့်တက်ခဲ့သည်။

 

ရခိုင်အမျိုးသားပါတီသည် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အများစု နေရာကို အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက် (၂၀၁၀-၂၀၁၅) နှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) (၂၀၁၅-၂၀၂၀) လက်ထက်တို့တွင် ရခိုင်ပြည်နယ်၏ ပြည်နယ်ဝန်ကြီးချုပ်နေရာကို  ခန့်အပ်ပေးရန် တောင်းဆိုခဲ့ဖူးသော်လည်း ခန့်အပ်ခြင်း မခံခဲ့ရဟု ဦးဖေသန်းက ပြောသည်။

ဆက်စပ် သတင်းများ