သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမ်းမြို့နယ်မှ အကြမ်းဖက်မှုပုဒ်မဖြင့် ဆီးခံထားရသူ လူငယ် ၄ ဦး တပ်မတော်ကအမှုရုပ်သိမ်းပေး၍ လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၁/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ အကြမ်းဖက်မှုပုဒ်မ ၅၂ (က)ဖြင့် ဖမ်းဆီးခံထားရသူ လူငယ် ၄ ဦးကို တရားလိုဖြစ်သည့်တပ်မတော်ဘက်ကအမှုရုပ်သိမ်းပေးလိုက်၍ ယနေ့ နေ့လယ် ၂ နာရီတွင် အမ်းမြို့နယ်တရားရုံးက လွှတ်ပေးလိုက်ကြောင်း သိရသည်။
လွတ်မြောက်လာသူများမှာ ကိုကျော်စိုးဝင်း၊ ကိုမောင်ကျော်၊ ကိုအောင်သိန်ထွန်းနှင့် ကိုအောင်မိုးထွန်း တို့ဖြစ်ကြသည်။
အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဖြစ်သူ ဦးကျော်ဆန်းနိုင်က “အမှုအနေအထားအရ တရားလိုဖြစ်တဲ့ တပ်မတော်ကအမှုရုပ်သိမ်းပေးလိုက်တဲ့အတွက် အခုလိုလွတ်လာတာဖြစ်ပါတယ်။ လက်ရှိနို်င်ငံရေးအခြေအနေနဲ့ အခုလိုလွတ်လာတာကို ကျွန်တော်တို့အနေနဲ့ကြိုဆိုပါတယ်။”ဟု နိရဥ္စရာသတင်းဌာနအား ပြောသည်။
ယခုလွတ်မြောက်လာရာတွင် ကိုကျော်စိုးဝင်းမှာ တရားသေလွတ်မြောက်လာခြင်းပြီး ကျန် ၃ ဦးမှာ တရားရှင်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
လွတ်မြောက်လာသူ ကိုမောင်ကျော်၏ မိခင်ဖြစ်သူ ဒေါ်မလှက “ ကျွန်မတို့က ချင်းလူမျိုးပါ။ အေအေနဲ့အဆက်သွယ်လုပ်တယ်ဆိုပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဖမ်းသွားခဲ့တာပါ။ ခမောင်းတောမှာ အဖမ်းခံရတာပါ။ အခုလိုလွတ်လာတဲ့အတွက် သိပ်ဝမ်းသာမိပါတယ်။” ဟုပြောသည်။
၄င်းတို့လေးဦးကို လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလက ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟု ဆိုကာ ခမရ(၃၇၁)မှ ဗိုလ်မှူးကြီး စိုးသူထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ ကိုမောင်ကျော်နှင့် ကိုအောင်မိုးထွန်းမှာ အမ်းမြို့နယ် မဲလမောင်းအုပ်စု ခမောင်းတောကျေးရွာတွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
၄င်းနောက် ကိုအောင်သိန်းထွန်းကို ကဇုကိုင်းကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းတစ်ခုက စစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုကျော်စိုးဝင်းကိုမူ အမ်းမြို့နယ် အောက်ရွာဓာတ်ဆီဆိုင်သို့သွားစဉ်လမ်းတွင် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုများက ပြောသည်။

ဆက်စပ် သတင်းများ