သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံ ALP တပ်ဖွဲ့ဝင် ၅ ဦးကို ယနေ့အထိ အဆက်အသွယ်မရသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၅/ ၂ဝ၂၁
အိန္ဒိယနိုင်ငံ အာဏာပိုင်များက ဖမ်းဆီးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ အရာရှိတစ်ဦးအပါအဝင် ၅ ဦးကို ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ALP မှ တပ်ခွဲမှူးအဆင့်ရှိသူ ခိုင်သျှန်ထွန်းနှင့် တပ်သား ၄ ဦးတို့ဖြစ်ကြပြီး ၄င်းတို့သည် ဇွန်လ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် အိန္ဒိယနိုင်ငံ လောင်တလိုင်ခရိုင်ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ကို သိရှိထားသော်လည်း ယနေ့အထိ အဆက်အသွယ်မရသေးဟု ALP ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က နိရဥ္စရာသတင်းဌာနအား ပြောသည်။
“အိန္ဒိယမှာ လော့ဒေါင်းချထားတဲ့အတွက် တစ်နေရာနဲ့တစ်နေရာသွားမရတာတွေရှိတော့လေ။ မီဇိုရမ်လည်း လော့ဒေါင်းချထားတယ်။ သူတို့ကို ဖမ်းဆီးပြီး လောင်တလိုင်ကို ယူသွားတာကိုကြားရုံလောက်ပဲကြားတယ်။ ကျွန်တော်တို့ဘက်က တာဝန်ရှိသူတွေလိုက်လို့မရဘူး။ ဗဟိုမှာရှိတဲ့ တာဝန်ရှိသူတွေကတော့ လုပ်နေကြတယ်။ ဟိုမှာဘယ်လိုပုံစံမျိုးနဲ့ထားလဲ။ ဘယ်လိုရှိနေမလဲမသိရဘူးပေါ့။” ဟုပြောသည်။
၄င်းတပ်ဖွဲ့ဝင်များသည် လက်နက်၊ ခဲယမ်း အချို့နှင့်အတူဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ အခြေအနေကြောင့် အိန္ဒိယနိုင်ငံ အာဏာပိုင်တာဝန်ရှိသူများနှင့် ဆက်သွယ်ရန် အခက်အခဲဖြစ်နေသဖြင့် သူတို့အတွက် စိုးရိမ်နေကြောင်း သူက ဆက်ပြောသည်။
“ ကျွန်တော်တို့မှာတော့ သူတို့လော့ဒေါင်းချလို့ပြီးတဲ့အထိစောင့်ပြီးမှ တာဝန်ရှိတဲ့ထောင်မှာသွားတွေ့ရမယ်။ အဲလိုအဆင့်တွေရှိတယ်။ လက်နက်ကတော့ သေနတ်နှစ်လက်နဲ့လက်ပစ်ဗုံး လေးငါးလုံးလားမသိဘူးပါသွားတယ်။ ခရီးသွားတာဖြစ်မယ်။ အဲဒီနားမှာလည်း ရခိုင်ရွာတွေရှိတာဆိုတော့လေ။” ဟုပြောသည်။
အဆိုပါ ALP တပ်ဖွဲ့ဝင်များကို အိန္ဒိယနိုင်ငံ လောင်တလိုင်ခရိုင်၊ မီဇိုရမ်ပြည်နယ်တွင် 3rd Assam Rifles (အာသံရိုင်ဖယ်) တပ်နှင့် လောင်တလိုင်ရဲများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံရှိ LPS သတင်းဌာနတွင် ဖော်ပြထားသည်။
Photo - DefenceXP

ဆက်စပ် သတင်းများ