သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ALD ပါတီဗဟိုမှ ထိပ်တန်းခေါင်းဆောင် ဦးကျော်ကျော်လင်းပါ (၃)ဦးအား ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 7k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၅/ ၂၀၂၁
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီဗဟိုမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် တွဲဘက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းပါ (၃) ဦးအား ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန်ရှိသော်လည်း ဥပဒေအရာရှိ ရောက်မလာခြင်းကြောင့် လာမည့် ဇွန်လ ၂၉ ရက်နေ့သို့ ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက်ကြောင်း ရှေ့နေနှင့် ပါတီတို့က ပြောသည်။
တောင်ကုတ်မြို့နယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ တွဲဘက်အတွင်းရေးမှူး ဦးအောင်မင်းနိုင်က “ ဥပဒေအရာရှိက အစည်းအဝေးရှိလို့ စစ်တွေကို သွားတယ်လို့ ရှေ့နေဆီက သိရပါတယ်။ အရင်ရုံးချိန်းတွေတုန်းကလည်း ဥပဒေအရာရှိ မရောက်၊ တရားသူကြီး မရှိ၊ သက်သေမရောက်တဲ့အတွက် ပျက်ကွက်တာတွေလည်းရှိပါတယ်။ ဦးကျော်ကျော်လင်းတို့ကို ရုံးချိန်းက ဒီတစ်ကြိမ်နဲ့ဆိုရင် (၃) ကြိမ်ရှိပါပြီ။” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ ရုံးချိန်းတွင်လည်း တောင်ကုတ်မြို့နယ်တရားသူကြီး သံတွဲမြို့သို့ စည်းအဝေးသွားနေသဖြင့် အမှုအား မစစ်ဆေးဖြစ်ခဲ့ကြောင်း အမှုဆောင်ရှေ့နေ ဦးခင်မောင်ဌေးက ဆိုသည်။
လက်ရှိ တရားစွဲခံထားရသူများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှ တွဲဘက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ဦးမင်းလှိုင်ထွန်း (ခ) ကိုသားကြီးနှင့် ဦးဇာနည်ထူးထူးတို့ဖြစ်သည်။
သူတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) တို့ဖြင့် တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဦးစီးမှူး ဦးမောင်ထွီးခိုင်က တရားလိုလုပ်ကာ တောင်ကုတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုခံနေရ၍ ဦးကျော်ကျော်လင်းပါ (၃)ဦးအတွက် ထိခိုက်မှုများစွာရှိကြောင်း တောင်ကုတ်မြို့နယ် ALD က ဆိုသည်။
“ သူတို့မှာ အမှန်တကယ် အပြစ်ရှိတယ်ဆိုရင်လည်း အမြန်အမိန့်ချလိုက်ပေါ့။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံးလွှတ်ပေး စေချင်တယ်။ အခုက ရုံးချိန်းတွေချိန်းပြီး ပျက်ကွက်တာတွေကတော့ သဘာဝမကျဘူးလို့ ထင်ပါတယ်။ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် ပျက်ကွက်တယ်ဆိုတော့ စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ အဲဒီတော့ တရားခံတွေဘက်က အချိန်အားဖြင့် နစ်နာတာပေါ့။ ပါတီအနေနဲ့တောင်းဆိုချင်တာကတော့ မတရားမှုဆန့်ကျင်တဲ့အတွက် အဖမ်းခံရတာကို အစိုးရက ပြန်လွှတ်ပေးမှ လွတ်မှာပေါ့။ ကျနော်တို့ကတော့ လွတ်မြောက်စေချင်တယ်။” ဟု တောင်ကုတ် ALD တွဲဘက်အတွင်းရေးမှူး ဦးအောင်မင်းနိုင်က ဆိုသည်။
တရားစွဲဆိုခံထားရသည့် ထို(၃) ဦးသည် အာဏာသိမ်းယူမှုအပေါ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တောင်ကုတ်မြို့ပေါ်တွင် ကန့်ကွက်ဆန္ဒပြခြင်းကြောင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ - ဦးကျော်ကျော်လင်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ