သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တပ်မတော်နှင့်ရဲက ဖမ်းသွားသည့် တောင်ကုတ်ဒေသခံ ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 5k


ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၁၉/ ၂၀၂၁
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် တပ်မတော်သားအချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကြက်ကိုင်းကျေးရွာမှ ဒေသခံသည် ယနေ့ ညနေ ၅ နာရီကျော်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီးနောက် ပြန်လွတ်လာသူမှာ ကြက်ကိုင်းကျေးရွာမှ ဦးအေးသန်းမောင် (၄၁ နှစ်) ဖြစ်သည်။
ကာယကံရှင် ဦးအေးသန်းမောင်က “ကျနော်မနေ့က အဖေ့ရဲ့ အိမ်ရှေ့မှာ လယ်ထွန်စက်တစ်လုံးကို လုပ်နေတုန်း လမူးရဲစခန်းက ဒုရဲအုပ်တစ်ယောက်ရယ်၊ နောက်ရဲသားတစ်ယောက်ရယ် စစ်တပ်က စစ်သားတွေရယ် လာပြီးတော့ ကျနော့်ကို လက်ထိပ်ခတ်ပြီး ကားနဲ့ ခေါ်သွားတာ။ ခေါ်သွားပြီးတော့ တောင်ကုတ်မြို့မရဲစခန်းက အချုပ်ထဲမှာ ထည့်ထားခဲ့ပါတယ်။ အဲဒါပြီးရင် ဒီနေ့ညနေဘက်မှာ ကျနော့်ကိုခေါ်ပြီး တောင်ကုတ်ဆေးရုံကို ခေါ်သွားတယ်။ အဲဒီမှာ ဆရာဝန်က ကျန်းမာရေး ကောင်းလားမေးတော့ ကျနော်ကလည်း သိပ်မကောင်းဘူးပြန်ဖြေတော့ ဆရာဝန်က စမ်းသပ်တာပေါ့။ ကျနော်ဆေးရုံက ကုတင်မှာ မိနစ် သုံးဆယ်လောက် လဲနေပြီးတော့မှ ကျနော့်ကိုခေါ်ပြီး လွှတ်ပေးလိုက်တာပေါ့။” ဟု နိရဥ္စရာသို့ ပြောသည်။
၄င်းအား တောင်ကုတ်မြို့မရဲစခန်း အချုပ်၌ တစ်ညအိပ်ထားခဲ့စဉ်ကာလအတွင်း ရိုက်နှက်ခြင်း၊ စစ်ဆေးမေးမြန်းခြင်း တစ်စုံတရာမရှိခဲ့ကြောင်း ဦးအေးသန်းမောင်က ပြောသည်။
“ကျနော့်ကို ရောဂါတွေဘာတွေ ရှိတယ်လို့လည်း မပြောလိုက်ဘူး။ ကျနော် လမူးရဲစခန်းမှာ လက်မှတ်တစ်ခုတော့ ထိုးခဲ့ရပါတယ်။ သူတို့ဆီက စာရွက်ပေးတယ်။ အဲဒါကို လက်မှတ်ထိုးခိုင်းတယ်။ စာရွက်ထဲမှာ ဘာရေးထားလဲတော့ ကျနော်လည်း မကြည့်မိလိုက်ဘူး။ ကျနော်လည်း ပြန်လွတ်ပြီဆိုတာနဲ့ အားရဝမ်းသာနဲ့ လက်မှတ်ကိုထိုးပြီး လာခဲ့တာပါ။ ဒါပေမဲ့ သူတို့ပြောလိုက်တာတစ်ခုတော့ ရှိပါတယ်။ အခုဟာ ငြိမ်းချမ်းရေးယူထားတဲ့ကာလမို့လို့ အမိန့်မချသေးတာ တစ်ခုကလွဲပြီးတော့ သူတို့အနေနဲ့လည်း တိတိကျကျ မလုပ်နိုင်သေးဘူး၊ လုပ်နိုင်တဲ့အခါ ကျနော့်ကို ထပ်ပြီး ခေါ်ချင်ရင် ခေါ်ဦးမယ်၊ မခေါ်ချင်ရင်လည်း မခေါ်တော့ဘူးလို့တော့ ပြောလိုက်ပါတယ်။” ဟု ၄င်းက ဆက်ပြောသည်။
ဦးအေးသန်းမောင်သည် ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဖခင်ဖြစ်သူ၏ နေအိမ်ရှေ့တွင် ပျက်စီးနေသည့် လယ်ထွန်စက်အား ပြုပြင်နေစဉ် တပ်မတော်သား ၂ ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသည့် လူ ၃ ဦးတို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ