သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အဆက်အသွယ်မရဖြစ်နေသော ပလက်ဝမြို့ ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခံရသူငါးဦးကို စစ်တွေသို့ ယူဆောင်သွားသည်ဆိုသောသတင်းကြောင့် မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k


ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၂၄/ ၂ဝ၂၁
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးခံရသူ ငါးဦးနှင့် မိသားစုဝင်များ အဆက်အသွယ် မရဖြစ်နေသည့်ကြားထဲ ၎င်းတို့ကို စစ်တွေသို့ ခေါ်ယူသွားသည်ဆိုသော သတင်းများထွက်ပေါ်လာမှုကြောင့် မိသားစုဝင်များ အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ပလက်ဝမြို့မှ ခူမီး (ချင်း) အမျိုးသားများဖြစ်သည့် ခရစ်ယာန်ဘုန်းတော်ကြီး ( Retire ယူထားသူ) ဦးရာကျော်၊ ဦးထွန်းမင်း(ခ) အိုက်မင်း၊ ဦးအိုက်ထွန်းမင်း(ကုမ္ပဏီဝန်ထမ်း)၊ ကိုအိုက်ထွန်းမင်း (စိုက်ပျိုးရေးဝန်ထမ်း)နှင့် ကိုအောင်ထွန်းစိုး(ခ)အာလူး တို့ဖြစ်ကြသည်။
၄င်းတို့ကို မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်က ပလက်ဝမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ထွေအုပ်ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် မေလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း ဦးရာကျော်၏ သမီးဖြစ်သူ မမိုင်ဇင်က နိရဥ္စရာသတင်းဌာနအားပြောသည်။
“ အဖေ့ကို မေးစရာရှိလို့ဆိုပြီး ရဲနဲ့စစ်သားတွေ လာခေါ်သွားတာပါ။ ကျွန်မ အမေက ရဲစခန်းမှာ သွားမေးကြည့်တော့ ၅ဝ၅(က) နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။ အခု ဇွန်လ ၁၇ ရက်နေ့က စစ်တွေကို ယူသွားတယ်လို့လည်း ကြားနေရပါတယ်။ အဖေက ကျန်းမာရေးလည်း မကောင်းဘူး။ သူတို့ ဖမ်းသွားတဲ့ လူတွေကလည်း အကုန်လူကောင်းတွေပါ။ အဆက်အသွယ် မရဖြစ်နေပါတယ်။ အထူးစိုးရိမ်နေကြရပါတယ်” ဟုသူမပြောသည်။
၄င်းတို့ ငါးဦးအား ဇွန်လ ၁၇ ရက်နေ့က ပလက်ဝမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် အဆက်အသွယ်မရတော့ကြောင်း ဦးထွန်းမင်း(ခ)အိုက်မင်း၏ ညီဖြစ်သူ ဦးကျော်ခင်က ပြောသည်။
“ ပလက်ဝမှာ မေလ ၂၈ ရက်နေ့က ဗုံးပေါက်တာနဲ့ပတ်သက်ပြီးတော့ အယောက် ၂ဝ နီးပါးလောက် စစ်ဆေးခဲ့တယ်။ အဲဒီထဲက ငါးယောက်ကို (၅ဝ၅) ပုဒ်မနဲ့တပ်ပြီးတော့ စစ်တွေကို ခေါ်သွားတယ်လို့ သိရတယ်။ သူတို့ကို ဇွန်လ ၁၆ ရက်နေ့အထိ အချုပ်ထဲမှာမထားဘူး။ စခန်းရဲ့နေရာအလွတ်တွေမှာ ထိန်းသိမ်းထားတယ်။ ၁၇ ရက်နေ့ နေ့လယ်လောက်မှာ မြို့နယ်တရားရုံးမှာ ရုံးထုတ်တယ်။ လက်ထိပ်တွေခတ်ပြီးတော့ပေါ့။ နေ့လယ် တစ်နာရီနဲ့ နှစ်နာရီလောက်မှာ အမှတ် ( ၂၈၉) တပ်ရင်းကို လက်ထိပ်ခတ်လို့ ခေါ်သွားတယ်လို့သိရတယ်” ဟု ၎င်းပြောသည်။
၄င်းနောက် ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ပို့ဆောင်လိုက်သည်ကို သတင်းရရှိကြောင်း သူကဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်ဝမြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်လောဟာအားဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ပလက်ဝမြို့မရဲစခန်းသို့ ထပ်မံ ဆက်သွယ်ရာ တာဝန်ကျရဲအရာရှိက စခန်းမှူးအား မေးမြန်းရန်ပြောဆိုပြီး တစ်စုံတစ်ရာဖြေကြားခဲ့ခြင်းမရှိခဲ့ပါ။
ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အများပြည်သူ ထိခိုက် ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူ ၂ဝ ခန့်ကို ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူ စစ်ဆေးပြီးနောက် အဆိုပါ လူ ၅ ဦးကို ဖမ်းဆီး ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဗုံးပေါက်ကွဲမှု နောက်ပိုင်းတွင် ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းအားလုံးကိုလည်း စစ်တပ် အာဏာပိုင်များက ပိတ်သိမ်းခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ