သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးတစ်ခု မီးရှို့ခံခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 6.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၂၄/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးကို ဇွန် ၂၁ ရက် ည ၈ နာရီကျော်က ဓာတ်ဆီသွန်ပြီး မီးရှို့ခံခဲ့ရသည်ဟု သတင်းရရှိသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးရုံးအတွင်းမှ ပေါက်ကွဲသံထွက်ပေါ်ခဲ့သဖြင့် အနီးအနားကျေးရွာသားများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရကြောင်း၊ ဓာတ်ဆီသွန်ပြီး မီးရှို့ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင် အမှုဖွင့်ထားကြောင်း ဂွမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဉ္စရာ သတင်းဌာနအား အတည်ပြု ပြောကြားသည်။
“ မီးကတော့ နည်းနည်းလောင်သွားတယ်။ ဘေးအိမ်ကနေ အသံကြားလို့ ကြည့်တာမှာ တွေ့တာ။ ဝိုင်းငြိမ်း ကြတယ်ပေါ့။ အုပ်ချုပ်ရေးမှူးကတော့ တစ်ဦးတစ်ယောက်ကပေါ့။ သူနဲ့ လူမှုရေးအရ၊ ပုဂ္ဂိုလ်ရေးအရ လိုတော့ မရှိဘူး။ဒါပေမယ့် ရုံးကိုမီးရှို့တဲ့လူကိုတော့ တိုင်ထားတယ်။ ရုံးကိုတော့ မီးရှို့တယ်လို့ သံသယရှိတယ်ပေါ့။ ဓာတ်ဆီပုလင်းနဲ့ပစ်တာမဟုတ်ဘူး။ အဲဒီရုံးက ပျဉ်တစ်ချပ်ကို ခွာပြီး အဲဒီထဲကို ဓာတ်ဆီသွန်ပြီး မီးရှို့တာ” ဟုပြောသည်။
မီးလောင်မှုကြောင့် ဒေါင်းချောင်းကျေးရွာစီမံအုပ်ချုပ်ရေးမှူး ရုံးအတွင်းမှ လက်သန့်ဆေးဗူးတချို့၊ ကြေငြာဘုတ်နှင့် စက္ကူဂျက်ဖာတချို့တို့ မီးလောင်သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ မီးရှို့သူ့ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၊ ၄င်းတို့အနေဖြင့် ပုဒ် ၄၃၆ (မီးရှို့မှု) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ဆက်ပြောသည်။
ဂွမြို့နယ်မီးသတ်တပ်ဖွဲ့အား ဆက်သွယ်ရာ အဆိုပါမီးလောင်မှုမှာ ဟုတ်မှန်ကြောင်း ၊ ဓာတ်ဆီဖြင့် ပစ်ပေါက် မီးရှို့မှုဟု ကြားသိရသော်လည်း ၄င်းတို့အနေဖြင့် အသေးစိတ်သိရှိထားခြင်းမရှိသေးကြောင်း ပြောသည်။

ဆက်စပ် သတင်းများ