ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

(၅၄) နှစ်မြောက် ၁၃-ဩဂုတ်ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ဆီးမီးများထွန်းညှိ၍ စစ်တွေမြို့က နေရာအချို့တွင်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

သျှင်မင်းဇံ
နိရဉ္စရာ၊ သြဂုတ် ၁၃/၂၀၂၁
(၅၄) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော ၁၃-ဩဂုတ် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးနှင့် မကျင်းပ နိုင်ခဲ့သော်လည်း စစ်တွေမြို့မှ နေရာတချို့တွင် လူတချို့က ဆီမီးတိုင်များဖြင့် ၁၃-ဩဂုတ် ရက်နေ့ကို ပုံဖော်ကာ အောက်မေ့ဖွယ်အခမ်းအနားဖြစ် ကျင်းပခဲ့ကြသည်ဟု သတင်းရရှိသည်။
စစ်တွေမြို့ ရှိ ကသဲရွာရပ်ကွက်မှ ကုန်သည်လမ်းနှင့် မဏိပူရလမ်းဆုံ အုတ်ခုံပေါ်တွင်လည်း ယနေ့ ညနေ ၈ နာရီခွဲအချိန်ခန့်၌ လူငယ်များက ဆီးမီးတိုင်များကို သွေးစွန်းခဲ့သည့် ၁၃ ဩဂုတ်ကို ဂဏန်းကို ပုံဖော်ပြီး ပြုလုပ်ခဲ့ကြောင်း ၎င်းရပ်ကွက်မှ လူငယ်တစ်ဦးက ပြောသည်။
" ည ၈ နာရီကျော်ကျော်က လုပ်ကြတာ။ လုပ်တဲ့လူတွေတော့ အတိအကျ မသိဘူး။ ကျနော်တို့ လမ်းလျှောက်သွားရင် ၁၃- ဩဂုတ် သွေးတွေစွန်းနေတဲ့ နေရာတွေအဖြစ် ဖန်တီးပြုလုပ်ထားတဲ့ အနီရောင် သွေးစက်တွေကြားမှာ ဖယောင်တိုင်မီးတွေ အစီအရီထွန်းထားတာကို တွေ့ခဲရပါတယ်" ဟု ၎င်းက ပြောသည်။
၎င်းနေရာအား ကင်းလှည်နေသည့် ရဲကားတစ်စီးနှင့် ရဲသားများ ကိုယ်တိုင်မောင်းနှင်းလာသည့် အိမ်စီး ကားတစ်စီးတို့ လာရောက် ကြည့်ရှုခဲ့ကြသော်လည်း အနှောင့်အယှက် ဖမ်းဆီးခြင်းများမရှိဟု သိရသည်။
အလားတူ စစ်တွေမြို့ပေါ်က ရပ်ကွက်တချို့နှင့် ဘုရားများတွင်လည်း ဆီးမီးများ ထွန်းညှိပြီး ၁၃-ဩဂုတ်နေ့ အခမ်းအနားကို အကျဉ်းချုံး ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ယခုနှစ် ၁၃ ဩဂုတ်နေ့ အခမ်းအနားကို ကိုဗစ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ခဲ့ခြင်းမှာ ကိုဗစ်ကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်မည်ကို စိုးရိမ်၍ ဖြစ်သည်ဟု စစ်တွေအခြေစိုက် ဝံလက်ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။
"အဓိကတော့ ဆန်ပြဿနာနေ့ကို နှစ်စဉ်ကျင်းပပါတယ်။ ဒီနှစ်မှာလည်း အောက်မေ့ဖွယ်ရာ အခမ်းအနားတစ်ခုနဲ့ ကျင်းပသင့်ပါတယ်။ အခုက ကိုဗစ်ကြောင့် Stay at home နေတဲ့ကာလလည်း ဖြစ်တယ်။ ကျင်းပ လိုက်ရင်လည်း တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့ အတွက် ကျယ်ကျယ်ပြန့်ပြန့် မကျင်းပကြတာပါ" ဟု နိရဉ္စရာသို့ ပြောသည်။
စစ်တွေဆန်ပြဿနာသည် လွန်ခဲ့သည့် ၁၉၆၇ ခုနှစ် ဩဂုတ် ၁၃ ရက်နေ့က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဆန်စပါး ရှားပါးသည့်အတွက် အငတ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည့် ပြည်သူများက လမ်းပေါ်ထွက် ဆန္ဒပြရာမှ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူအများအပြားသေဆုံးခဲ့ရသော ဖြစ်ရပ်ဆိုးတစ်ခုဖြစ်သည်။
ဆန်ပြဿနာနေ့ ဖြစ်ပွားချိန်က အသက် (၁၃) နှစ်သာရှိသေးပြီး ကိုယ်တိုင် ပါဝင်ခဲ့သူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက "ဒီနေ့ဆိုဟာ အောက်မေ့ဖွယ်ရာ နေ့တစ်နေ့ ဆိုတာထက် ရင်နင့်ဖွယ်ရာ နေ့တစ်နေ့ဆို အမှားပါဘူး။ အပ်တိုကလေးတစ်ချောင်းတောင် မပါတဲ့ ရခိုင်ပြည်သူတွေကို လက်နက်ရှိသူတွေက ရက်ရက်စက်စက်လုပ်သွားတာက ပိုပြီး ရင်ကွဲစရာပါ။ နောက်ပြီး လူတွေကို တည်တည်ကြည့်ပြီး ပစ်တဲ့ သေနတ်သံတွေကိုလည်း ဘဝမှာ အဲဒီအချိန် စကြားခဲ့မိတာပါ" ဟု ပြောသည်။
၁၃ ဩဂုတ် စစ်တွေဆန်ပြဿနာနေ့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၄ နှစ်က အာဏာရှင်ကို ဆန့်ကျင်၍ သွေးစွန်းခဲ့ရသော သမိုင်းဝင်အဖြစ်အပျက်နေ့ ဖြစ်သော်လည်း ယနေ့တိုင် ရခိုင်လူမျိုးတို့က မမေ့ရက်နိုင်ဖြစ်နေရသည်ကို ယခုတက်လာကြသည့် လူငယ်များအနေဖြင့် သိထားသင့်ကြောင်း သူမက ဆက်ပြောသည်။
ယင်းအချိန်က ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မဆလ အစိုးရသည် ရခိုင်ပြည်ကထွက်သည့် ဆန်စပါးများကို နိုင်ငံခြားကိုရောင်းချသဖြင့် ဆန်စျေးများ အဆမတန်မြင့်မားလာခဲ့သဖြင့် ရခိုင်တွင် အငတ်ဘေး ကျရောက်ခဲ့ကြသည်။ ရခိုင် ပြည်သူများမှ ဆန်စပါးများကို ထုတ်ရောင်းချ ပေးရန် စစ်တွေမြို့ လမ်းမများပေါ်တွင် ဆန္ဒပြ တောင်းဆိုရာမှ စစ်တပ်က သေနတ်ပစ်ခတ်သဖြင် ဆန္ဒပြပွဲတွင် ပါဝင်သူလူပေါင်း ၂၀၀ နှင့် ၃၀၀ အကြား သေဆုံးခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူများကို ကိုးကာပြီး ရေးသားထားသော သမိုင်းမှတ်တမ်းများက ဖော်ပြသည်။
ထိုအချိန်က အစိုးရကမူ ဆန္ဒပြပွဲအပြီးတွင် လူ ၁၇ ဦးသာ သေဆုံးခဲ့သည့်ဟု ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ