ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပလက်ဝတွင် စစ်သင်တန်းတက်ရောက်ရန် အဓမ္မခေါ်ဆောင်ခံရသည့် ရွာသားအချို့ ထွက်ပြေးသည့်သတင်းမှာ အခြေအမြစ်မရှိသည့် သတင်းသာဖြစ်သည်ဟု AA ပြောခွင့်ရသူ ခိုင်သုခ ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 10.4k

သျှင်မင်းဇံ
နိရဉ်စရာ၊ သြဂုတ် ၂၀/၂၀၂၁
ရက္ခိုင့်တပ်တော် (AA)က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသတွင် ကျေးရွာသားများကို စစ်သင်တန်းတက်ရောက်ရန် အဓမ္မခေါ်ယူပြီး စစ်သင်တန်းတွင် အစာငတ်ထားခြင်း၊ နိုင်ထက် စီးနင်းဆက်ဆံခြင်း၊ ကြမ်းတမ်းစွာနေထိုင်စားသောက်ရခြင်းတို့ကြောင့် ၎င်းစစ်သင်တန်းမှ ရွာသား အများအပြားထွက်ပြေးလာကြပြီး ထိုသို့ ထွက်ပြေးလာပြီးနောက် အနီးအနားရှိ ရွာများတွင် ၎င်းသူများအား လက်နက်များထောက်၍ မြေလှန် ရှာဖွေ နေကြောင်း သတင်းမီဒီယာအချို့တွင် ဖော်ပြနေသော သတင်းမှာ မဟုတ်မှန်ကြောင်း၊ ၎င်းသတင်းမှာ အခြေအမြစ်မရှိသည့်သတင်းသာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
" ပလက်ဝမြို့နယ်ထဲက ကျေးရွာသားတချို့ကို ရက္ခိုင့်တပ်တော် (AA) စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်တယ်ဆိုတာ လုံးဝကို မဟုတ်ပါဘူး။ အဲလိုဖြစ်ရပ်မျိုးလည်း လုံးဝကို မရှိပါဘူး။ ရက္ခိုင့်တပ်တော်ကို မနာလိုတဲ့ အဖွဲ့အစည်း တချို့နဲ့ လူပုဂ္ဂိုလ်တချို့က အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေကို ဖြန့်နေတာသာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ တပ်တော် အနေနဲ့ ရဲဘော်သစ်တွေကို အဓမ္မ စုဆောင်းစရာ မလိုပါဘူး" ဟု နိရဉ္စရာကို ယနေ့ ပြောဆိုသည်။
ယင်းအပြင် ရက္ခိုင့်တပ်တော်ထဲကို ဝင်ရောက်ရန် စောင့်ဆိုင်းနေသည့် လူငယ်တွေအများကြီးရှိသလို နေ့စဉ်နေ့တိုင်း တာဝန်ထမ်းဆောင်ရန် ဝင်ရောက်နေသည့် လူငယ်တွေအများကြီးရှိကြောင်း၊ သို့အတွက် ၎င်းတို့ ပြောဆိုသည့် အဓမ္မလူသစ်စုဆောင်းစရာလုံးဝမလိုကြောင်း ၎င်းကပြောသည်။
အဆိုပါ သတင်းအား သြဂုတ်လ ၁၉ ရက်က ဘီဘီစီမြန်မာပိုင်းတွင် ဖော်ပြခဲ့ရာတွင် ရွာသားများအား နှိပ်စက်ခြင်း၊ ထွက်ပြေးလာသူများ၏ မိသားစုဝင်များ ဖမ်းဆီးထားခြင်း၊ ရွာအဝင်အထွက်များ ပိတ်ထားခြင်း၊ ကျေးရွာသားများ၏ ဖုန်းများကို သိမ်းထားခြင်း၊ ရေတံခွန်ရွာတွင် ရက္ခိုင့်တပ်တော် (AA)၏ တပ်ဖွဲ့ဝင်များ ဝင်ရောက်ထိန်းချုပ်ထားခြင်း စသည့်အချက်များကို အမည်မဖော်လိုသူ ပလက်၀ ရွာသားတစ်ဦးကို ကိုးကား ဖော်ပြထားသည်။
အဆိုပါ ဘီဘီစီ (မြန်မာပိုင်းတွင်) ဖော်ပြထားခြင်းနှင့် ပတ်သက်၍ ဦးခိုင်သုခ ကတော့ " ရက္ခိုင့်တပ်တော်က အဲလိုလုပ်တာတွေ မရှိပါဘူး။ လုပ်ခဲ့ရင် တိတိကျကျပြောနိုင်ရမှာပေါ့။ ဘာအထောက်အထားမှ မရှိဘဲနဲ့ အခုလိုမျိုး စွပ်စွဲပြောဆိုနေကို လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ အမှန်တကယ် နှိပ်စက်ခဲ့ရင် အထောက်အထားအပြည့်အစုံနဲ့ ရက္ခိုင့်တပ်တော်ကို တိုင်ပေါ့။ တိုင်လို့ရတဲ့ လမ်းကြောင်းတွေလည်း ကျနော်တို့ ဖွင့်ပေးထားပါတယ်။ နောက်တစ်ခုက သတင်းတက်လာတာကို ကြည့်လေ။ ပထမဆုံး Khumi Media က အခြေအမြစ်မရှိဘဲ လုပ်ကြံပြီးတော့ သတင်းတင်တယ်။ Chin World က ထပ်တင်တယ်။ နောက် အဲဒါကို ဘီဘီစီလို သတင်းဌာနကြီးက အထောက် အထား အခိုင်အမာမရှိဘဲနဲ့ လိုက်ပြောတယ်ဆိုတာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ထင်တယ်" ဟု ပြောသည်။
၎င်းပလက်ဝမြို့နယ်က ကျေးရွာများကို အဝင်အထွက်ပိတ်သည်မှာ ယခု ကိုဗစ်ကာလတွင် ကိုဗစ်စည်းကမ်းနှင့်အညီ ၎င်းတို့ ကျေးရွာများက လုပ်ထားခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ကျေးရွာများက ဖုန်းများ သိမ်းထားခြင်းနှင့် ထွက်ပြေးလာသူများ၏ မိသားစုဝင်များကို ဖမ်းဆီးထားသည်ဟု ပြောဆိုချက်သည် အခြေအမြစ်မရှိသည့် ပြောခြင်းသာဖြစ်ကြောင်း ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပလက်ဝမြို့ ရိက္ခာရပ်ကွက်နေသူ တစ်ဦးက ကိုဗစ်ကာလ လူစုလူဝေး မလုပ်ရဟု တားမြစ်ထားချိန်တွင် စစ်သင်တန်း ပေးသည်ဆိုခြင်းမှာ လုံး၀ မဖြစ်နိုင်ကြောင်း ပြောဆိုသည်။
"အဲလိုမျိုး စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မခေါ်ဆောင်ခံရတယ်ဆိုတာတော့ မရှိပါဘူး။ ကျနော်လည်း မကြားမိပါဘူး။ ဒါပေမဲ့ သူတို့ ရပ်ကျေးတွေမှာ ပြည်သူ့စစ်တက်ချင်တဲ့ သူတွေကိုတော့ ခေါ်တယ်။ အခုနောက်ပိုင်း နိုင်ငံရေးပြဿနာတွေဖြစ်ပြီး ပြည်သူ့စစ်တက်ချင်တဲ့ သူတွေလည်း အများကြီးရှိတယ်။ အခုက ကိုရောဂါတွေဖြစ်လို့ လုံးဝမခေါ်တော့ဘူး။ သင်တန်းလည်းရှိတယ်လို့ မကြားဘူး" ဟု ပြောသည်။
Chin World နှင့် Khumi Media အပါအဝင် ဘီဘီစီ (မြန်မာပိုင်းက) ပီချောင်းဒေသရှိရွာတိုင်းတစ်ရွာ သုံးယောက်စီ AA ၏စစ်သင်တန်းကို မပျက်မကွက်တက်ရောက်ရန် လွန်ခဲ့သောလက အတင်း အဓမ္မခေါ်ယူခဲ့ပြီး၊ သင်တန်းတွင်းကြမ်းတမ်းစွာနေထိုင်ရစားသောက်ရခြင်း၊ အစာအငတ် ထားခြင်း၊ နိုင့်ထက်စီးနင်းဆက်ဆံခြင်းတို့ကို မခံစားနိုင်လွန်း၍ ၎င်းစစ်သင်တန်းမှ ထွက်ပြေးလာသူ အများအပြား ရှိလာခြင်းဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ