ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ANP ဗဟိုအလုပ်အမှုဆောင် (CEC) အွင်လိုင်းအစည်းအဝေးပြုလုပ်၊ ၎င်းအစည်းအဝေးကပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဖေသန်းကို နုတ်ထွက်ခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.2k

သျှင်မင်းဇံ
နိရဉ်စရာ၊ သြဂုတ် ၂၁/၂၀၂၁
ရခိုင်အမျိုးသားပါတီ (ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်များမှ ယနေ့ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်မှုဆောင် (CEC) အွန်လိုင်း Zoom အစည်းအဝေးက ပါတီမူဝါဒရေးရာဦးဆောင် ကော်မတီဝင် ဦးဖေသန်းအား နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
ANP မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က "ကျွန်တော်တို့ ပါတီရဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က နုတ်ထွက်စာ ကိုတော့ ဥက္ကဋ္ဌ တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ အထွေထွေ အတွင်းရေးမှူး တစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူးလေ။ ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းအရ ပါတီဝင်ဖြစ်သမျှ နုတ်ထွက်ခြင်းအခန်း ကဏ္ဍရှိတယ်။ ဒါကြောင့် ဦးဖေသန်းအနေနဲ့ နုတ်ထွက်လွှာတင်တာကို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်စရာမရှိဘူး။ ဒီနေ့ ဗဟိုအလုပ်မှုဆောင် (CEC) အစည်းအဝေးမှာ ဦးဖေသန်းကို နုတ်ထွက်ခြင်းပြုတယ်လို့ ဆုံးဖြတ်လိုက်တယ်" ဟု ပြောသည်။
ANP ပါတီတွင် မည်သူမဆို လွတ်လပ်စွာ ပါတီဝင်နိုင်ခြင်းရှိသလို ပါတီက ထွက်လိုပါကလည်း ရှင်းလင်းစရာကိစ္စရပ်များမရှိလျှင် လွတ်လပ်စွာ နုတ်ထွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသဖြင့် ဦးဖေသန်းတွင် ရှင်းလင်းစရာများ မရှိ၍ နုတ်ထွက်ခွင့်ပြုခဲ့သည်ဟု ဆိုသည်။
ယနေ့ ပြုလုပ်သည့် ANP နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင်များ၏ အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ပါတီများကို စာရင်းစစ်ဆေးမည့်ကိစ္စ၊ ပါတီ၏ မြို့နယ်များရှိ အခြေအနေများ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြည်ဟု သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ၏ ပါတီများကို စာရင်း စစ်ဆေးမည့် အခြေအနေများနှင့် ပတ်သက်၍ ပါတီဝင်စာရင်းများ၊ ပါတီပိုင်ပစ္စည်းများ၊ ပါတီပိုင် ရန်ပုံငွေများစသည်တို့ကို စာရင်းပြုရမည်ဟု ပါရှိကြောင်း သိရသည်။
၎င်းတို့ ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ပါတီရန်ပုံငွေ၊ ပါတီပိုင် စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်မရှိခြင်း၊ ရန်ပုံငွေ သိန်း သန်းချီ ထည့်ခြင်းမျိုးလည်း မရှိခြင်း၊ ပါတီကို လွှတ်တော်ကိုယ်စားလှယ်များ၏ အချိုးကျထည့်ဝင်များနှင့် လည်ပတ်ခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိ မြန်မာ့နိုင်ငံအရေး အခင်းအကျင်း အရပ်ရပ်အပေါ် နိုင်ငံရေးမူဝါဒ ဦးဆောင် ကော်မတီဝင် များ၏ အမြင်အသီးသီးအား တင်ပြ ဆွေးနွေး ကြရာတွင်လည်း ရခိုင်အမျိုးသားပါတီသည် ရွေးကောက်ခံ ပါတီ ဖြစ်သော်လည်း လုပ်ပိုင်ခွင့်ရထားသည့် အစိုးရအဖွဲ့မဟုတ်သည့်အတွက် နိုင်ငံရေးအရ အစိုးရကို အကြံပြုခြင်း၊ ဆွေးနွေးခြင်း၊ တင်ပြခြင်း၊ ထောက်ပြဝေဖန်ခြင်းများကိုသာ နိုင်ငံရေးအရ လုပ်နိုင်မည်ဖြစ်သည်ဟု မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
"မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုရဖို့အတွက် အခုလောလောဆယ် အချိန်အတိုင်အတာတစ်ခုအထိ ကြာနိုင်ပါတယ်။ အဲဒါကြောင့် ပါတီတွင်း စည်းလုံးရေး၊ ပါတီဝင်တွေကို ပါတီအပေါ်မှာ ခိုင်မာတဲ့ ယုံကြည်ချက်ရအောင် စည်းလုံးဆောင်ရွက်သွားမဲ့ ကိစ္စတွေကို တင်ပြဆွေးနွေးကြတယ်။ ရှင်းရှင်း ပြောချင်တာက ရခိုင်အမျိုးသားပါတီဟာ ရွေးကောက်ခံပါတီဖြစ်ပေမဲ့ လုပ်ပိုင်ခွင့်ရထားတဲ့ အစိုးရအဖွဲ့မဟုတ်တဲ့အတွက် နိုင်ငံရေးအရ အစိုးရကို အကြံပြုခြင်း၊ ဆွေးနွေးခြင်း၊ တင်ပြခြင်း၊ ထောက်ပြဝေဖန်ခြင်းတွေကိုသာ နိုင်ငံရေးအရ လုပ်နိုင်မယ်။ အဲဒါတွေကို ကွဲကွဲ ပြားပြား ရှင်းရှင်း လင်းလင်း သိစေချင်ပါတယ်လို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု ပြောသည်။
ယနေ့ ပြုလုပ်သည့်အစည်းအဝေးသို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုး၊ ပါတီမူဝါဒရေးရာ ဦးဆောင် ကော်မတီဝင်များဖြစ်ကြသည့် ဦးစံကျော်လှ (ရခိုင်လွှတ်တော် ဥက္ကဋ္ဌဟောင်း)၊ ဦးထွန်းအောင်ကျော်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်ခင်စောဝေ အပါအဝင် လူပေါင်း တစ်ဆယ်ကျော်ခန့် တက်ရောက်ခဲ့သည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ