ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

လူကြီးလာမည်ဟုဆိုကာ စစ်တွေတွင်လမ်းဘေးစျေးဆိုင်တချို့ကို စျေးမရောင်းရန်တားမြစ်မှုများရှိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6k

သန္တာကျော်ဇော
နိရဥ္စရာ၊ အောက်တိုဘာ ၉/ ၂၀၂၁
စစ်တွေမြို့ မှ အထင်ကရ နေရာတချို့အနီးရှိ လမ်းဘေးစျေးဆိုင်များကို လူကြီး လာမည်ဟုဆိုကာ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်နေသလို ၎င်းပတ်ဝန်းကျင် အနီးတဝိုက်ရှိ ပလက်ဖောင်းများကိုလည်း ဆေးသုတ်ကာ ပြန်လည် မွန်းမံမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။
စစ်တွေမြို့၊ လောကာနန္ဒာစေတီ မြောက်ဘက်မုခ်ဝအနီးရှိ စျေးဆိုင်တန်းများ ကိုလည်း ယခု ရက်ပိုင်းတွင် လူကြီးများလာရန်ရှိသည်ဟုဆိုကာ ရောင်းချခြင်း မပြုကြရန် စည်ပင်က လာပြောဆိုထားကြောင်း ထိုအနီးတွင် သစ်သီးဆိုင် ရောင်းနေသည့် စျေးသည်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။
“ဒီနေရာမှ ဒီလိုစျေးဆိုင်တွေရောင်းချလို့မရဘူးဆိုပြီး စည်ပင်က လာပြောတယ်။ အမိုးတွေထိုးပြီး ရောင်းချခွင့်မပြုဘူးလို့ ပြောတယ်။ ဒီနေ့ မနက်ကတော့ ပေကြိုးတွေနဲ့ လာတိုင်းသွားတာမြင်တယ်။ လောကာနန္ဒာ ဘေးခြံစည်းရိုးမှာ ပန်းပင်တွေ စိုက်မလို့ဆိုပြီးတော့ ပြောသွားတယ်” ဟု ၎င်းက ပြောသည်။
လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်း စျေးရောင်းချသူတစ်ဦးကလည်း “လူကြီးတွေ လာမယ် လို့တော့ ပြောသံကြားတယ်။ စေတီအထဲမှာလည်း ဒီရက်ပိုင်းမှ ပြန်လည် မွမ်းမံပြုပြင်ရေးတွေ လုပ်နေကြတယ်” ဟုပြောသည်။
လောကာနန္ဒာစေတီတော်မြောက်ဘက်အခြမ်းရှိ စတိုးဆိုင်များကိုလည်း လူကြီးလာရန်ရှိသည့်အတွက် ဆိုင်ရှိအမိုးများကို ပလက်ဖောင်းပေါ်တွင် မချဘဲ ရုပ်သိမ်းကာ သေသေသပ်သပ်ထားကြရန် လာပြောခဲ့ကြောင်း ဆန်း အထည်ဆိုင်က ပြောသည်။
ထို့အပြင် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ပလက်ဖောင်းရှိ စျေးသည်များ ကိုလည်း ယခုရက်ပိုင်းအတွင်း စျေးမရောင်းချကြရန် လာရောက် ပြောဆိုမှုများ ရှိသောကြောင့် လောလောဆယ်တွင် ထိုနေရာတွင် စျေးရောင်းချခြင်းကို ရပ်နားထားရကြောင်း စျေးသည်တစ်ဦးက ပြောသည်။
“ကျမတို့ကတော့ ဗလီရှေ့နားမှာရောင်းနေတာဖြစ်လို့ ရောင်းချခွင့်ရတယ်။ ပန်းခြံရှေ့က ပလက်ဖောင်း ပေါ်မှာ ရောင်းတဲ့သူတွေကိုတော့ လူကြီးတွေ လာဖို့ရှိတယ်။ ဒီအနားမှာ စျေးရောင်းလို့ မရဘူး ဆိုပြီးတော့ ဒီရက်ပိုင်းမှာ လာပြောသွားတယ်” ဟုပြောသည်။
၎င်းပြင် စစ်တွေမြို့ လမ်းတချို့ရှိ ပလက်ဖောင်းများကို အဖြူ၊ အနီ၊ အဝါ ဆေးများသုတ်ကာ ပြန်လည်မွန်းမံခြင်း၊ ပန်းပင်များစိုက်၍ အလှဆင် မှုများလည်း ပြုလုပ်ခြင်း၊ လမ်းမအနီးရှိ ပျက်စီးနေသည့် အဆောက်အဦ အချို့ကို ပြန်လည်မွမ်းမံခြင်းများ ပြုလုပ်နေကြသည်ဟုလည်း ဒေသခံများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့သလို ရခိုင်ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းအား ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ဆက်လက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်အား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ၎င်းက “ဒီလိုသတင်းတွေထွက်နေပေမဲ့ ကျနော် ကတော့ မသိဘူး” ဟု ဖြေကြားခဲ့သည်။
အလားတူ သံတွဲမြို့တွင်လည်း မြို့သန့်ရှင်းရေးပြုလုပ်ကာ ပလက်ဖောင်း များကို ဆေးသုတ်ပြီး အလှဆင်မှုများ ရှိနေသည်ဟု သံတွဲမြို့ခံ ကိုဇွဲထက်မာန်က ပြောဆိုသည်။
“ လူကြီးလာမယ်လို့တော့ သတင်းထွက်နေတာပါတယ်။ မြို့က တံတား လေးတွေ၊ ပလက်ဖောင်းတွေကိုလည်း ဆေးသုတ်တာတွေ ဘာတွေ လုပ်နေတာ တွေ့ရပါတယ်”ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ရာ ၎င်းက “ လူကြီး လာမဲ့ ကိစ္စကိုတော့ မသိပါဘူး။ မိုးကုန်ရင်တော့ ဒီလိုမျိုး လမ်းပလက်ဖောင်းတွေ ဆေးသုတ်တာတွေ၊ သန့်ရှင်းရေးလုပ်တာတွေ လုပ်နေကြပါ။ ပုံမှန်ပါဘဲ ဒါကတော့”ဟု ပြောသည်။
ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ နစကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်သို့ လာမည်ဟု သတင်းထွက်ပေါ်ကြောင်း မြို့နေ လူထုတချို့က မှတ်ချက်ပေးကြသော်လည်း သက်ဆိုင်ရာ တာဝန် ရှိသူများထံကို မေးမြန်း၍ မရသဖြင့် နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ