ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

သံတွဲမှ ကိုစိန်ချစ်အား PDF တစ်ဦးမှ သူ့အမည်ကိုထွက်ဆို၍ ဖမ်းဆီးခြင်းဟုဆို၊ လက်ရှိ စစ်တပ်တွင် ထိန်းသိမ်းထားဟုသိရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.5k

သန္တာကျော်ဇော
နိရဉ္စရာ၊ အောက်တိုဘာ ၁၀/၂၀၂၁
သံတွဲမြို့မှ လူမှုရေးလှုပ်ရှားဆောင်ရွက်သူ ကိုစိန်ချစ်အား ဖမ်းဆီးခြင်းမှာ PDF အဖွဲ့ဝင် တစ်ဦးမှ သူ့နာမည်ကို ထွက်ဆိုသောကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း သံတွဲရဲတာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
သံတွဲမြို့မရဲစခန်းက တာဝန်မှူး ဦးစိုးထက်ဇော်က “ မအူပင်မြို့မရဲစခန်းမှာ မအူပင်က PDF တစ်ယောက်က သူ့နာမည်ကိုထွက်ဆိုတဲ့ အတွက် ဖမ်းတာဖြစ်ပါတယ်။ သံတွဲ တပ်နယ်တစ်ခုကနေ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။ ဒါလောက်ဘဲ ပြောနိုင်မယ်” ဟု ပြောဆိုသည်။
လက်ရှိ အချိန်တွင် မေးမြန်းစစ်ဆေးနေတုန်းဖြစ်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း ပြုနိုင်မည်မဟုတ်ကြောင်း၊ လက်ရှိ စစ်တပ် တပ်ရင်းတစ်ခုတွင် ကိုစိန်ချစ်အား ထိန်းသိမ်းထားကြောင်း ၎င်းက ပြောဆိုသည်။
ကိုစိန်ချစ်အား သူ၏ နေအိမ်မှ ယမန်နေ့ ည ၁၀ နာရီခန့်အချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက နိရဥ္စရာကိုပြောသည်။
“ည ၁ဝနာရီလောက်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲကိုဝင်လာပြီးတော့ ကိုစိန်ချစ်ကို မေးစရာရှိတယ် ဆိုပြီးတော့ ခေါ်သွားတယ်။ သူ့ဖုန်းကိုလည်း သူတို့ကစစ်တယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ ဘာမှ ပြောမသွားဘူး” ဟု သူမက ပြောသည်။
ည ၁၀ နာရီခန့်အချိန်တွင် ဧည့်စာရင်းစစ်မည်ဟုဆိုကာ နေအိမ်ကိုဝင်လာပြီး ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဖမ်းခေါ်သွားကြောင်း ဒေါ်ခင်နှင်းဖြူကပြောသည်။
လာရောက်ဖမ်းဆီးချိန်တွင် အရပ်ဝတ်ထားသူများ အပါအဝင် ရဲသား၈ ယောက်ခန့်နှင့် ရဲကား ၂စီး၊ ၃ စီးခန့်လည်းပါကြောင်း ကိုစိန်ချစ်၏ ဇနီးဖြစ်သူက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ကိုစိန်ချစ်ကို သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသဖြင့် သွားရောက်ခဲ့ရာ လူချင်းတွေ့ခွင့်မရခဲ့ကြောင်း၊ ပြင်ပမှသာ မုန့်နှင့် အဝတ်အထည်များကို ပေးခဲ့ရကြောင်း၊ ကိုဗစ်စစ်ဆေးရန် အတွက် သံတွဲခရိုင်ဆေးရုံသို့ ကိုစိန်ချစ်ကို ခေါ်ဆောင်သွားသည်ဟု ကြားသိရကြောင်း သူမက ပြောဆိုသည်။
ယခုကဲ့သို့ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးအား အကြောင်းပြချက်မဲ့ ဖမ်းခေါ် သွားသည့်အပေါ် အလွန်ဝမ်းနည်းမိကြောင်း ကိုစိန်ချစ်၏ ဇနီးဖြစ်သူက ပြောဆိုသည်။
“ပြောမပြနိုင်လောက်အောင် အလွန်ဝမ်းနည်းမိပါတယ်။ အကြောင်း ပြချက်လည်း သေချာမရှိဘဲ ဖမ်းသွားတာပါ။ အပြစ်မရှိတဲ့သူဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွတ်ပေးစေချင်ပါတယ်။” ဟုသူမကပြောသည်။
ကိုစိန်ချစ်၏ သူငယ်ချင်းဖြစ်သူ သံတွဲမြို့မှ ကိုနေထွန်းအောင်ကလည်း “ ကျနော်တို့လည်း ဒီမနက်မှ သတင်းကြားရတာ။ အခုလိုမျိုးကြားရတာ စိတ်မကောင်းဘူး။ ဘာကြောင့်ဖမ်းသွားလဲ ကျနော်တို့လည်း မသိဘူး။ ဒီလိုမျိုး လူမှုရေးလုပ်နေတဲ့ သူတစ်ယောက်ကို ဖမ်းသွားတာတော့ စိတ်မကောင်းဘူး” ဟုပြောသည်။
ကိုစိန်ချစ်သည် ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီ AFP ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိတွင်လည်း လူမှုရေး အသင်းများနှင့် ပရဟိတလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်နေသူ တစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။
(ဓာတ်ပုံ- လူထုဇော်ဝင်း)

ဆက်စပ် သတင်းများ