ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဗုံးပေါက်ကွဲမှုသံသယဖြင့်ဖမ်းဆီးခံခဲ့ရသည့် ပလက်ဝဒေသခံ ၄ ဦးကို မှားယွင်းဖမ်းမိသည်ဟုဆိုကာ ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.5k

ပြည်စိုးလူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၂ / ၂၀၂၁
ဗုံးပေါက်ကွဲမှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသည့် ချင်းပြည်နယ် ပလက်ဝဒေသခံ ၄ ဦးကို မှားယွင်းဖမ်းမိသည်ဟုဆိုကာ ယနေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းရရှိသည်။
ပြန်လွတ်မြောက်လာသူများမှာ ကိုထွန်းမင်း(အဆိုတော်)၊ ကိုအိုက်ထွန်းမင်း(ကုမ္ပဏီ)၊ ကိုထွန်းမင်း(သစ်တော)နှင့် ကိုအောင်ထွန်းစိုးတို့ ဖြစ်သည်။
၎င်းတို့ ၄ ဦးကို ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက် ၁၁ ခန့်တွင် ပလက်ဝမြို့နယ်တရားရုံးက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူတစ်ဦး၏မိသားစုဝင်တစ်ဦးက ပြောသည်။
“အဓိကတော့ သူတို့ကို မှားပြီးဖမ်းတယ်ဆိုပြီး လွှတ်လိုက်တာပါ” ဟု ပြောသည်။
၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် မေလ ၂၈ ရက်က ပလက်ဝမြို့ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကြား ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် မြန်မာစစ်တပ်အရာရှိတစ်ဦး၏ ၅၀၅(က)ဖြင့် တရားစွဲဆိုခြင်းကိုခံခဲ့ရသည်။
၅ လခန့်အကြာတရားရင်ဆိုင်ခဲ့ရပြီးမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁)အရ စွဲဆိုထားသည့်အမှုကို ကျူးလွန်ခြင်းမရှိသည့်အတွက်ဟုဆိုကာ ယနေ့တွင် အပြီးသတ်လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့၊ မြို့မရဲစခန်းမှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကလည်း “သူတို့လွတ်လာတာက ဒီကနေ့မနက်ပိုင်းကပါ။ ဘာကြောင့်လွှတ်တယ်။ ဘယ်လိုလွတ်ဆိုတာကိုတော့ တရားသူကြီးပဲသိမှာပါ” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ရှိတရားရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ပလက်ဝမြို့တွင် ယင်းအချိန်ကဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ယခုလွတ်မြောက်လာသူ ၄ ဦးအပြင် ပလက်ဝမြို့မှ ဦးရာကျော်ဆိုသူကို ဖမ်းဆီးခဲ့သော်လည်း ၎င်းကို ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်တွင် ပလက်မြို့မရဲစခန်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Khonumthung Burmese

ဆက်စပ် သတင်းများ