ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ်သူ ၁၁၄ ဦး၏အမှုအား ပိတ်သိမ်းလိုက်မှုအပေါ် ကြိုဆိုကြောင်းပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.5k

သျှင်မင်းဇံ
နိရဥ္စရာ၊ အောက်တိုဘာ ၁၅/ ၂၀၂၁
ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်သူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ်သူ ၁၁၄ ဦး၏အမှုအား ပိတ်သိမ်းလိုက်မှုအပေါ် ကြိုဆိုကြောင်းနှင့် အပြုဆောင်သည့်လုပ်ရပ်ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက နိရဥ္စရာသို့ ပြောသည်။
“သူတို့က တစ်ဖက်သတ် ပိတ်သိမ်းလိုက်တယ်ဆိုတော့ အပြုသဘောဆောင်တဲ့ လုပ်ရပ်လိုမြင်ပါတယ်။ နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုတွေ နည်းသွားတဲ့အခါ တရားစွဲမှုတွေလည်း နည်းလာမှာပေါ့။ အမှန်က ဒါတွေ မရှိလေ ကောင်းလေပါပဲ” ဟု ပြောသည်။
ယင်းအပြင် တိုင်းရင်းသားများတွင်လည်း သူ့အရည်အချင်းနှင့် သူ့ရည်မှန်းချက်များရှိကြသည့်အတွက် ၎င်းအဖွဲ့တို့ှနှင့် ဆွေးနွေးအဖြေရှာကြခြင်းသည်သာ အကောင်းဆုံးဟု သူက ဆက်ပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်စပ်၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၁၄ ဦးတို့အား အမှုမှပိတ်သိမ်းရန် နစကကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုးကာ ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အမှုမှပိတ်သိမ်းခံရသည့် အဖွဲ့အစည်းများနှင့်အရေအတွက်မှာ AA မှ ၆၁ ဦး၊ KIA မှ ၂၃ ဦး၊ KNU/KNLA(PC) မှ ၁ ဦး၊ MNDA မှ ၁ ဦး၊ RCSS/SSA မှ ၁၂ ဦး၊ SSPP/SSA မှ ၅ ဦးနှင့် TNLA မှ ၁၁ ဦးတို့ဖြစ်ကြသည်။
ယခုကဲ့သို့ အမှုပိတ်သိမ်းခြင်းမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှေးရှု၍ဖြစ်ကြောင်း ဖော်ပြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား နိရဥ္စရာက ဆက်သွယ်ခဲ့ရာ သူအနေဖြင့် ဆက်သွယ်ရခက်ခဲသည့်နေရာတွင် ရောက်ရှိနေသည့်အတွက် လောလောဆယ် ဖြေကြားရန် အဆင်မပြေသေးဟု ပြောသည်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကလည်း ယခုကဲ့သို့ အမှုပိတ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုဝမ်းသာသည်ဟု နိရဥ္စရာကို ပြောသည်။
“၁၁၄ ယောက်ကို လုံးဝခြွင်းချက်မရှိဘဲနဲ့ သူတို့အမှုတွေရုပ်သိမ်းတယ်ပြောတယ်ဆိုတော့ ကျမတို့အနေနဲ့ ကြိုဆိုပါတယ်။ အဲဒါကလေ အမှန်တကယ်တော့လည်း ဖြစ်စဉ်တွေ၊ နည်နည်းပဋိပက္ခတွေရှိနေတဲ့နေရာတွေမှာတော့ ဒီလိုဖြစ်စဉ်မျိုးကတော့ တော်တော်များများရှိနေတဲ့အတွက် လွတ်လာတဲ့သူတွေကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဂုဏ်ယူတယ်လို့၊ ဂုဏ်လည်းယူပါတယ်၊ ဝမ်းလည်းဝမ်းသာတယ်လို့ ပြောပါရစေရှင့်”ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA)ကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရုပ်သိမ်းထားပြီဖြစ်သည်။
လက်ရှိရခိုင်တွင် AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်ပုဒ်မများဖြင့်ဖမ်းဆီးတရားစွဲဆိုခံနေရသူပေါင်း ၁ရဝ ခန့်ရှိနေသေးသည့်အတွက် ၎င်းတို့ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုသည်ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။

ဆက်စပ် သတင်းများ