ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်က စာရေးဆရာလူငယ်တစ်ဦးကို PDF နှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာ ရဲက ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.2k

ချစ်အိလှိုင်

နိရဉ္စရာ၊ အောက်တိုဘာ ၁၆/၂၀၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ စာရေးဆရာ လူငယ်တစ်ဦးကို PDF နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ရဲက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခန့်က ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

၎င်းလူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့် (၂၃)နှစ်ဖြစ်ပြီး ယမန်နေ့ နေ့လယ် ၁ နာရီခန့်က အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ကားတစ်စီးဖြင့် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု  အစ်မဖြစ်သူ မနုနုရီက နိရဥ္စရာသတင်းဌာနကို  ပြောသည်။

ဖမ်းတဲ့အချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တော့ သူတို့က ိုင်းရိုက်ကြပါတယ်။ ကျွန်တော့်မှာ ဘာအပြစ်မှမရှိပဲ ဘာကြောင့်ဖမ်းတာလဲ လိုက်ဘူးလို့ ကျွန်မမောင်လေးက ပြောပါတယ်။ ဒါပေမယ့် အတင်းဖမ်းခေါ်သွားတယ်။  ဒီနေ့ မနက်ရဲစခန်းကို သွားမေးတော့ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်ဟုပြောသည်။

 ကိုမင်းဒီပါသည် လွန်ခဲ့သည့် တစ်လခန့်က မာယာကင်းမဲ့ဇုံဆိုသည့် ဒုတိယမြောက် လုံးချင်း ဝထ္ထူစာအုပ် တစ်အုပ်ထုတ်ဝေထားသဖြင့် စာအုပ်ရောင်းရငွေများဖြစ်သည့် ငွေလွှဲ  သိန်း ၂ဝ ကျပ်ကိုဘဏ်မှ ထုတ်ယူဖူးသည်ဟုဆိုသည်။

၎င်းကိစ္စနှင့် ဆက်စပ်ပြီး ဖမ်းသလားဟု တွေးထင်မိကြောင်း အစ်မဖြစ်သူ မနုနုရီက ပြောသည်။

ဒီကဖမ်းသွားကတည်းက လမ်းမှာသူတို့ရဲတွေက ကျွန်မမောင်လေးကို စစ်တယ်လို့ပြောတယ်။ ဘာမှမတွေ့ဘူးလို့တော့ ပြောတယ်။ ဒါဆိုရင်ကျွန်မမောင်လေးကို ဘာလို့ဖမ်းတာလဲလို့ မေးတော့ အဲဒါကို ကျွန်တော်တို့ ပြောလို့မရဘူးလို့ပြောပါတယ်။ ဖုန်းထဲမှာ သူထုတ်ထားတဲ့ စာအုပ်ပဲ ရှိတယ်။ ဘဏ်က ငွေထုတ်ထားတဲ့ဟာနဲ့များ ဆိုင်နေမလားမသိဘူးလို့ ထင်ပါတယ်ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့၊ ရဲစခန်းမှ ဒုရဲအုပ်ဝင်းနိုင်အားမေးမြန်းရာ ၄င်းလူငယ်နှင့် ပတ်သက်၍ အမှုဖွင့်ဆောင်ရွက်နေကြောင်းပြောသည်။

အခုသူက ကျွန်တော်တို့ ရဲစခန်းမှာရှိပါတယ်။ အမှုဖွင့်ထားတယ်လို့သိရတယ် ဟုပြောသည်။

အမှုနှင့် ပတ်သက်ပြီး မေးမြန်းရာ အသေးစိတ် ပြောဆိုခြင်းမရှိသဖြင့်  မြို့မ စခန်းမှူးအား ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

သံတွဲမြို့မှ လူမှုရေး လှုပ်ရှားသူ ကိုစိန်ချစ်အားလည်း မအူပင်မြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသူ မအူပင်က PDF တစ်ယောက်က နာမည်ကို ထွက်ဆိုသဖြင့် အောက်တိုဘာ ၉ ရက် ည ၁၀ နာရီခန့်က သူက ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်မှုနှင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ