ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်၍ အမှုပိတ်သိမ်းခံလိုက်ရသူ ၆၁ ဦးအနက် ၅၅ ဦးလွတ်မြောက်ပြီး ၆ ဦးကျန်နေသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.3k


ချစ်အိလှိုင်၊ မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၆/ ၂ဝ၂၁
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး အမှုပိတ်သိမ်းခံလိုက်ရသည့် အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူ ၆၁ ဦးအနက် ၅၅ ဦးလွတ်မြောက်သွားပြီဖြစ်ပြီး ၆ ဦးကျန်နေသေးသည်ဟု သိရသည်။
လွတ်မြောက်လာသူများမှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် သံတွဲထောင်မှ ၃ ဦးနှင့် မြောက်ဦးက ၈ ဦး ၊ ယနေ့ နံနက် ၈ နာရီတွင် ကျောက်ဖြူထောင်မှ ၃၇ ဦးနှင့် စစ်တွေထောင်မှ ၇ ဦး အသီးသီး လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
စစ်တွေထောင်မှလွတ်လာသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုကျော်မင်းဌေးက “ကျွန်တော်တို့သိပ်ဝမ်းသာပါတယ်။ ဒါပေမဲ့ ထောင်ထဲမှာနေခဲ့ရတာ ကျွန်တော့်အတွက် အချိန်တွေကုန်သွားတာပေါ့ဗျာ”ဟု နိရဥ္စရာကို ပြောသည်။
လွတ်မြောက်လာသူများသည် အကြမ်းဖက်မှုပုဒ်မ ၅၀(က) (စျ) (ည) နှင့် ၅၂ (က)တို့ဖြင့် တရားစွဲခံနေရသူများဖြစ်သည်။
ကျောက်ဖြူထောင်မှ လွတ်မြောက်လာသူ ကျောက်ဖြူမြို့နယ် ရေနံဒွိန်ကျေးရွာမှ ဒေါ်ဗြားမက “ထောင်ထဲမှာ အိမ်ကိုသတိရရင်လည်း စိတ်ကိုတင်းထားပါတယ်။ ဒါဟာ ငါတစ်ယောက်တည်း ခံနေရတဲ့အမှုမဟုတ်ဘူး။ ရခိုင်ပြည်နယ်က တခြားသူတွေလည်း ခံနေရတယ်။ အဲဒီစိတ်နဲ့ပဲ ဂုဏ်ယူပြီးတော့ တင်းထားခဲ့ရပါတယ်”ဟု ပြောသည်။
အမှုပိတ်သိမ်းလိုက်သည့် ၆၁ ဦးသည် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှေးရှု၍ နစကကောင်စီက ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံရသူပေါင်း လက်ရှိ၌ ၁၃ဝ ကျော်ကျန်ရှိနေသေးသည်ဟု ၄င်းတို့၏ အရေးကူညီဆောင်ရွက်သူများ၏ စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ