ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဖမ်းဆီးခံထားရသည့် သံတွဲမှ ဦးစိန်ချစ်ကို နိုဝင်ဘာ ၅ ရက်အထိ ရမန်ထပ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.4k

မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၁
PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ် သံတွဲမြို့မှ ဦးစိန်ချစ်၏အမှုကို ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင် သံတွဲမြို့နယ်တရားရုံး၌ နိုဝင်ဘာလ ၅ ရက်အထိ ရမန်ထပ်တိုးယူလိုက်ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက နိရဥ္စရာသို့ပြောသည်။
“နိုဝင်ဘာ ၅ ရက်အထိ ရမန်ယူပါတယ်။ ဒီနေ့ သူ့ကို ရုံးမှာ တွေ့ခဲ့ရပါတယ်။ သူ့ကို စစ်တပ်တစ်ခုထဲမှာ ထိန်းသိမ်းထားတယ်လို့ပဲ သိခဲ့ရပါတယ်” ဟုပြောသည်။
ယနေ့ ရမန်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့မရဲစခန်းအား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်လက်ဆက်သွယ်ခဲ့သော်လည်း ခရီးလွန်နေသည်ဟု ဆိုသည်။
ဦးစိန်ချစ်သည် အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
မအူပင်မှ PDF တစ်ဦးက ဦးစိန်ချစ်၏အမည်ကို ထုတ်ဖော်ထွက်ဆိုခဲ့သဖြင့် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု သံတွဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောဆိုထားသည်။
ဦးစိန်ချစ်ကို ခလရ(၅၅)တပ်ရင်းမှ ဗိုလ်နေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲမြို့ရှိ တပ်ရင်းတစ်ခု၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ကိုစိန်ချစ်သည် ပြီးခဲ့သည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီ (AFP)၏ သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
လက်ရှိတွင် လူမှုရေးအသင်းများနှင့် ပရဟိတလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။
မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါ(ခေါ်)ကိုအောင်နိုင်မြင့်သည်လည်း PDF နှှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၁၅ ရက်တွင် မြောက်ဦးရဲစခန်း၌ ဖမ်းဆီးခံထားရသည်။
(ဓာတ်ပုံ- ရခိုင့်ဦးဆောင်ပါတီ)

ဆက်စပ် သတင်းများ