ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဖမ်းဆီးခံထားရသည့် မြောက်ဦးက မင်းဒီပါ PDF နှင့် လုံးဝဆက်စပ်မှုမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၂၂/ ၂ဝ၂၁
PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့်အမှုဖွင့်ခံထားရသည့် ရခိုင်လူငယ်စာရေးဆရာ မင်းဒီပါက သူသည် PDF နှင့် လုံးဝဆက်စပ်မှုမရှိဟု ပြောဆိုခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုမင်းဒီပါ(မြို့ဟောင်းမြေ)ကို အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)ဖြင့် အောက်တိုဘာ ၁၈ ရက်က မြောက်ဦးမြို့နယ်တရားရုံးတွင်အမှုဖွင့်ရာ၌ ယခုကဲ့သို့ပြောဆိုသွားခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူ ကိုအောင်မြင့်က နိရဥ္စရာကို ပြောသည်။
“ပြီးခဲ့တဲ့ရုံးချိန်းတုန်းက သူက PDF နဲ့ လုံးဝဆက်နွယ်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်”ဟု ပြောသည်။
အသက် ၂၃ နှစ်အရွယ်ရှိ ကိုမင်းဒီပါ(မြို့ဟောင်းမြေ)သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ ဖြစ်သည်။
သူသည် PDF နှင့်ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် အောက်တိုဘာလ ၁၅ ရက်တွင် သူ၏နေအိမ်မှတဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
သူသည် လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး “မာယာကင်းမဲ့ဇုံ” အမည်ဖြင့် လုံးချင်း ဝတ္ထုစာအုပ်ကို လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလခန့်က စတင်ဖြန့်ဝေရောင်းချခဲ့ကာ ဘဏ်မှ ငွေအချို့ ထုတ်ယူမှုရှိခဲ့သည်ကို သံသယဖြင့်ဖမ်းဆီးသွားခြင်းဖြစ်နိုင်သည်ဟုလည်း မိသားစုဝင်များက ပြောသည်။
ကိုမင်းဒီပါ၏အစ်ကို ကိုအောင်မြင့်က “သူ့အတွက်စိုးရိမ်နေကြပါတယ်။ မဟုတ်တာကိုတော့ အဟုတ်လုပ်ပြီးဖမ်းထားလို့မရဘူးလိို့ိထင်ပါတယ်။ သူ့အတွက် သိပ်နစ်နာသွားမှာပါ” ဟု ပြောသည်။
ကိုမင်းဒီပါ(မြို့ဟောင်းမြေ)ကို အောက်တိုဘာ ၁၈ ရက်တွင် အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)ဖြင့် အမှုဖွင့်ခဲ့ပြီး လာမည့် အောက်တိုဘာ ၂၉ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးမည်ဟု မြောက်ဦးမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
သံတွဲမြို့မှ အသက် ၄၂ နှစ်အရွယ် ဦးစိန်ချစ်သည်လည်း PDF နှင့်ဆက်စပ်သည်ဟုသံသယဖြင့် အောက်တိုဘာလ ၉ ရက် ည ၁ဝ နာရီခန့်တွင် ဖမ်းဆီးခံထားရပြီး အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

59 Comments

ဆက်စပ် သတင်းများ