ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရသူအမျိုးသမီး ၃ဦး အထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.6k


မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၄/၂၀၂၁
ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် အမျိုးသမီးများပါ ဖမ်းဆီးခံရမှုရှိလာနေကြောင်း သိရသည်။
သံတွဲမြို့နှင့် ငပလီမြို့တို့မှ အမျိုးသမီး ၃ ဦးသည် PDF နှင့်ဆက်စပ်သံသယဖြင့် ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ည ၈ နာရီခန့်တွင် နေအိမ်အသီးသီးမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုအမျိုးသမီး ၃ ဦးမှာ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်မှ မတင်စန္ဒာဝင်း (၂၈ နှစ်)၊ အမှတ် ၇ ရပ်ကွက်မှ ၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်း (၁၇ နှစ်)နှင့် ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်မှ မငြိမ်းအိဖြူကျော် (၃၅ နှစ်)တို့ဖြစ်သည်။
၄င်းတို့ ၃ ဦးအနက် မတင်စန္ဒာဝင်းနှင့် မငြိမ်းအိဖြူကျော်တို့နှစ်ဦးကို စစ်တပ်အရာရှိတစ်ဦးကတရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ထားပြီး ၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်းကို ရမန်တစ်ပတ်ယူကာ သံတွဲမြို့မရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရသည်။
သံတွဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "လောလောဆယ်တော့ စစ်ဆေးနေတုန်းပါ"ဟု ပြောသည်။
သံတွဲ အထက(၁)မှ ၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်းကို သူမ၏အမည်ဖြင့် Kpay အကောင့်မှ ငွေထုတ်ငွေလွှဲမှုရှိသည်ဟုဆိုကာ စစ်ဆေးနေပြီး စစ်ဆေးနေစဉ်အတွင်း ပြစ်မှုမရှိပါက ပြန်လွှတ်ပေးသွားမည်ဟု သံတွဲမြို့မရဲစခန်းက ပြောကြောင်း အဒေါ်ဖြစ်သူ ဒေါ်မေပိုက်ပိုက်ထွန်းက နိရဥ္စရာသို့ပြောသည်။
"မနက်ဖြန်မှာတော့ ဘဏ်မှာ တရားဝင်စစ်ဆေးဖို့ဆိုပြီး စာတင်ထားတာ ရှိတယ်။ မနက်ဖြန်စစ်လို့ အပြစ်လွတ်ရင် ပြန်လွှတ်ပေးမယ်ပြောတယ်။ ကလေးက K PAY အကြောင်းတောင် ကောင်းကောင်းမသိပါဘူး။ ဖုန်းကိုတောင် တခါတလေ သူ့အဒေါ်အကြီးဆီက ဂိမ်းကစားဖို့ကိုင်ရုံလောက်ပဲ"ဟုပြောသည်။
မသိမ့်အေးချမ်းသည် အသက်မပြည့်သေးသဖြင့် သံတွဲမြို့မရဲစခန်းရှိ အချုပ်ခန်းတွင်မထားဘဲ ရုံးခန်းတွင် ရဲမေများနှင့်အတူ ထိန်းသိမ်းထားကြောင်း သိရသည်။
ရခိုင်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ငပလီမြို့မှ အသက် ၄၂ အရွယ် ဦးစိန်ချစ်နှင့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ အသက်၂၃ နှစ်အရွယ် ကိုမင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်တို့သည်လည်း အကြမ်းဖက်မှုပုဒ်မများဖြင့် ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက ဖမ်းဆီးတရားစွဲဆိုခံထားရသည်။

ဆက်စပ် သတင်းများ