ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

PDF နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံထားရသည့် သံတွဲမှ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို အောက်တိုဘာ ၈ ရက်အထိ ဆက်လက် ရမန်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၅/၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှ PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားကြရသည့် ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ ၂ ဦးကို အောက်တိုဘာလ ၈ ရက်အထိ ရမန်ယူခဲ့သည်ဟု သိရသည်။
သူတို့ ၂ ဦးကို ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးထုတ်ရန်ချိန်းဆိုထားသော်လည်း ရုံးထုတ်ခဲ့ခြင်းမရှိဘဲ ယခုကဲ့သို့ ဆက်လက်ရမန်ယူခဲ့ခြင်းဖြစ်သည်ဟု ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၄င်းတို့ ၂ ဦးကို ဖမ်းဆီးခဲ့ချိန်မှ ယနေ့အထိ တွေ့ခွင့်မရသေးဟုလည်း မိသားစုဝင်များက ပြောသည်။
ကိုစိန်ချစ်၏အမျိုးသမီး ဒေါ်ခင်နှင်းဖြူက “သူ့အမှုက ရှင်းရှင်းပြောရင် တရားရုံးကို တရားဝင်မတင်သေး၊ တရားမစွဲသေးဘူးပေါ့နော်။ ကိုစိန်ချစ်ကတော့ လောလောဆယ် စစ်တပ်ထဲမှာပဲ။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး”ဟုပြောသည်။
ငပလီမြို့ခံ အသက် ၄၂ နှစ်အရွယ် ဦးစိန်ချစ်နှင့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦးတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထကက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)ဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲမြို့ရှိတပ်ရင်းတစ်ခု၌ ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။
ဦးစိန်ချစ်သည် အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ကိုရဲနိုင်ဦးကမူ အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် အိန္ဒိယသုံးဘီး(တုတ်တုတ်)ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့၏လာရောက်ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
ဦးစိန်ချစ်သည် ငပလီမြို့တွင် လူမှုရေးလုပ်ငန််းများကိုလုပ်ဆောင်နေသူဖြစ်ပြီး ကိုရဲနိုင်ဦးသည် ငပလီမြို့တွင် အိန္ဒိယသုံးဘီး(တုတ်တုတ်)မောင်းပြီး ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ငပလီမြို့မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်း(၂၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့် (၂၃)နှစ်တို့သည်လည်း အကြမ်းဖက်မှုပုဒ်မများဖြင့် အမှုဖွင့်တရားစွဲခံထားရသည်ဟု သိရသည်။
အလားတူ သံတွဲမြို့မှ အသက် ၁၇ နှစ်အရွယ် ၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်းသည်လည်း PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ