ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမှ ရခိုင်လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုပုဒ်မဖြင့် စတင်တရားစွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၂/ ၂ဝ၂၁
PDF ဖြင့် ဆက်စပ်သံသယဖြင့် စွပ်စွဲချက်ဖြင့်ဖမ်းဆီးခံထားရသည့် မြောက်ဦးမြို့နယ်မှ ရခိုင်လူငယ်စာရေးဆရာ မင်းဒီပါကို ယနေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် စတင်တရားစွဲဆိုလိုက်ကြောင်း သိရသည်။
စာရေးဆရာ မင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်ကို ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)ဖြင့် စတင်တရားစွဲလိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက ပြောသည်။
“မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ပြီးစွဲတာပါ။ သက်သေ ၈ ယောက်ပါတယ်” ဟု ပြောသည်။
နိုဝင်ဘာ ၂၆ ရက်တွင် တရားလိုပြသက်သေများအား စတင်စစ်ဆေးရန် ရုံးချိန်းခေါ်ယူထားကြောင်း ဆက်ပြောသည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂ဝ ကျော်အရွယ် ကိုမင်းဒီပါကို PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၁၅ ရက်တွင် ၄င်း၏ နေအိမ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ကိုမင်းဒီပါသည် “ မာယာကင်းမဲ့ဇုံ” ဆိုသည့်လုံးချင်းဝတ္ထုစာအုပ်ထုတ်ဝေသည့်ကိစ္စဖြင့် ငွေလွှဲ သိန်း ၂ဝ ခန့်ထုတ်ယူခဲ့ပြီးနောက် ယခုကဲ့သို့ PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာအား ပြောသည်။
ရခိုင်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ မြောက်ဦးမြို့နယ်မှ ကိုမင်းဒီပါ၊ သံတွဲမြို့မှ ၁ဝ တန်းကျောင်းသူတစ်ဦးအပါအဝင် ၂ ဦး၊ ငပလီမြို့တွင် ၃ ဦး၊ စုစုပေါင်း ၆ ဦးရှိသွားပြီဖြစ်သည်။
ယင်းတို့အနက် ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် တရားစွဲထားပြီဖြစ်ပြီး ၁ဝ တန်းကျောင်းသူကို ရမန်ယူကာ သံတွဲမြို့မရဲစခန်း၌ ချုပ်နှောင်စစ်ဆေးနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ