ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲမဖြစ်ရေး အောက်ခြေအဆင့်အထိ ညွှန်ကြားထားရန် AA ခေါင်းဆောင်များကို တိုက်တွန်းထားဟု မစ္စတာ ဆာဆာကာဝါဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.3k

မာန်ယုကျော် (ရွှေဝမြေ)၊ ထက်အောင်

စစ်တွေ၊ နိုဝင်ဘာ ၁၅ / ၂ဝ၂၁

 

တည်ငြိမ်နေသည့်ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် တစ်ဘက်နှင့်တစ်ဘက် အပစ်အခတ်လုံးဝမလုပ်ကြဖို့ အောက်ခြေအဆင့်အထိ ညွှန်ကြားထားရန်  AA ခေါင်းဆောင်များကို တိုက်တွန်းထားသည်ဟု ရခိုင်သို့ရောက်လာခဲ့သည့် မစ္စတာ ဆာဆာကာဝါက သတင်းထောက်များကို ပြောသည်။

 

တစ်ချက်ပဲ ကျနော်ပြောပြလို့ရနိုင်တာရှိပါတယ်။ ဒါကဘာလဲဆိုရင် အခုလက်ရှိ ငြိမ်းချမ်းနေတဲ့ အနေအထားကို ဆက်ပြီးထိမ်းထားနိုင်ဖို့အတွက် အပစ်အခတ်ကို လုံးဝမလုပ်ဖို့၊ တစ်ဘက်နဲ့တစ်ဘက် အပစ်အခတ်လုံးဝမလုပ်ဖို့အတွက်ကို တစ်ဘက်နဲ့တစ်ဘက် ဆက်သွယ် ဆောင်ရွက် သွားမယ့် အကြောင်း၊ ဆက်သွယ်ပြီးတော့မှ၊ ဆက်သွယ်ဆောင်ရွက်သွားမယ့်အကြောင်းနဲ့ အပစ်အခတ် လုံးဝမလုပ်ဖို့ကို အောက်ခြေတပ်သားအဆင့်အထိညွှန်ကြားထားဖို့အတွက်ကို ပြောကြားထားပြီး ဖြစ်ပါတယ်ဟု ပြောသည်။

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် ယနေ့နိုဝင်ဘာလ ၁၅ ရက်ညနေ ၃ နာရီ ၂၅ မိနစ်တွင် စစ်တွေမှ ရန်ကုန်သို့ ပြန်မလည်မထွက်ခွာမီ ပြည်နယ်ကောင်စီဧည့်ဂေဟာ၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းသည်။

 

သူ ရန်ကုန်သို့ရောက်ရှိခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်တွင် ရက္ခိုင့်တပ်တော်(AA)ခေါင်းဆောင်ကို အွန်လိုင်းမှတဆင့် ဆက်သွယ်ကာ တစ်ဘက်နှင့်တစ်ဘက်ထိတွေ့တိုက်ပွဲများမဖြစ်ပွားစေရန် ပြောခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

မစ္စတာ ဆာဆာကာဝါသည် AA နှင့် စစ်တပ်အကြား တစ်နှစ်ပြည့်အပစ်အခတ်ရပ်စဲထားသည့် အထိမ်းအမှတ်အဖြစ် ရခိုင်သို့ ယခုကဲ့သို့လာရောက်လေ့လာခြင်းဖြစ်သလို ရခိုင်ရှိ IDP များနှင့် စစ်ဘေးရှောင်များကို အကူအညီများပေးနိုင်ရန် လာရောက်လေ့လာခြင်းဖြစ်သည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

 

သူသည် ယနေ့ နံနက်က စစ်တွေသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း အပါအဝင် ကောင်စီတာဝန်ရှိသူများနှင့် ကောင်စီရုံးတွင် ပထမဦးဆုံး တွေ့ဆုံခဲ့သည်။

ကျနော်တို့နဲ့အထူးအထွေပြောဆိုဖြစ်ခဲ့တာမရှိပါဘူး။ မိတ်ဆက်ရုံနဲ့တင် အချိန်က ကုန်သွားတယ်။ ကျနော်တို့ဘက်ကလည်း ဘာမှ တင်ဖို့ မရလိုက်ဘူး။ အချိန်က ၁၅ မိနစ်လောက်ပဲ တွေ့ခွင့်ရတာဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက သတင်းထောက်များကို ပြောသည်။

မစ္စတာ ဆာဆာကာဝါသည် ပြည်နယ်ကောင်စီတာဝန်ရှိသူများနှင့်တွေ့ဆုံအပြီး စစ်တွေရှိ IDP စခန်းအချို့နှင့် စစ်ဘေးရှောင်စခန်းအချို့ကိုသွားရောက်တွေ့ဆုံခဲ့သည်။

IDP များနှင့် စစ်ဘေးရှောင်များ၏ ပညာရေး၊ ကျန်းမာရေးတို့အတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းကို အတတ်နိုင်ဆုံးကူညီထောက်ပံ့ပေးသွားမည်ဟုလည်း သတင်းထောက်များကိုပြောဆိုခဲ့သည်။

IDP များနှင့် စစ်ဘေးရှောင်များနှင့်တွေ့ဆုံအပြီး ရခိုင်အမျိုးသားပါတီ(ANP)နှင့်လည်း ပြည်နယ်ကောင်စီဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သေးသည်။

ယင်းသို့တွေ့ဆုံရာတွင် ANP ပါတီကလည်း လက်ရှိနိုင်ငံရေးပြဿနာနှင့် ရခိုင်ပြည်အနေအထား၊ နောက်ပြီး AA နှင့် စစ်တပ်တို့၏အနေအထားတို့ကို ပြောဆိုတင်ပြခဲ့သည်ဟု မစ္စတာဆာဆာကာဝါနှင့် တွေ့ဆုံရာတွင်ပါဝင်သည့် ANP ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဦးလှစောက သတင်းထောက်များကိုပြောသည်။

မစ္စတာဆာဆာကာဝါကလည်း ရခိုင်တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် ထိပ်တိုက်မတွေ့ရအောင် နားလည်မှုရယူထားကြရန် နှစ်ဘက်ခေါင်းဆောင်များကိုတိုက်တွန်းထားသည်ဟု ANP တာဝန်ရှိသူများကို ပြောခဲ့သည်။

ဦးဦးလှစောက ဒီဖက်ကလည်း အေအေထိန်းချုပ်တဲ့ ဧရိယာရှိမယ်။ တစ်ဖက်မှာလည်း တပ်မတော်နဲ့ လက်ရှိအစိုးရ ထိန်းချုပ်ထားတဲ့ နေရာရှိမယ်။ အဲဒီကြားထဲမှာ သူတို့ကတော့ နှစ်ဦးနှစ်ဖက် ထိပ်တိုက် မတွေ့ရအောင် အပြန်အလှန်နားလည်မှုရအောင် လုပ်ဖို့ဆိုတဲ့အယူအဆကို အေအေခေါင်းဆောင် တွေကိုလည်း ပြောတယ်။ တပ်က ခေါင်းဆောင်တွေကိုလည်း တင်ပြထားတယ်လို့ပြောတယ်။ ကျနော်တို့က ဒါကိုကြိုဆိုရမယ်ဟု ပြောသည်။

ရခိုင်သို့ နေ့ချင်းပြန်ရောက်လာခဲ့သည့် မစ္စတာ ဆာဆာကာဝါသည် ယနေ့ညနေပိုင်းတွင် စစ်တွေမှတဆင့် ရန်ကုန်သို့ လေကြောင်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

မစ္စတာဆာဆာကာဝါသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက်ကလည်း ရခိုင်သို့ ပထမအကြိမ်ရောက်ရှိခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်လာရောက်ခြင်းဖြစ်သည်။

သူသည် ပြီးခဲ့သည့်နှစ်က ရခိုင်တွင် တိုက်ပွဲများမဖြစ်ပွားစေရန် အဓိက ကြားဝင် ညှိနှိုင်းပေးခဲ့သူလည်း ဖြစ်သလို ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်နေရာများတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန် တိုက်တွန်းတောင်းဆိုခဲ့သူလည်းဖြစ်သည်။

 

ဆက်စပ် သတင်းများ