ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

နိုင်ငံရေးပါတီခေါင်းဆောင်လေးဦးနှင့်မစ္စတာဆာဆာကာဝါတို့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အဓိကထားဆွေးနွေးခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၇/၂၀၂၁
နိုင်ငံရေး ပါတီခေါင်းဆောင် ၄ ဦးနှင့် မစ္စတာဆာဆာကာဝါတို့ ယမန်နေ့က တွေ့ဆုံစဥ် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို အဓိကထားဆွေးနွေးခဲ့ကြောင်း ဒေါက်တာအေးမောင်က နိရဥ္စရာကိုပြောသည်။
"အဓိကက လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေကို ဘယ်လိုကျော်လွှား နိုင်မလဲဆိုတဲ့အကြံတွေကို သူကတောင်းပါတယ်။ ဒါကိုတော့အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ကျန်တာကတော့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်"ဟု ပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းတွင် မစ္စတာဆာဆာကာဝါက ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးကျော်စွာစိုး၊ ဖယ်ဒရယ် ပြည်ထောင်စုပါတီဥက္ကဌ ဦးစောသန်းမြင့်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုက်အိုက်ပေါင်းတို့နှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့သည်။
ရခိုင်ပြည်ငြိမ်းချမ်းရေးနှင့်ပတ်သတ်ပြီး AAဘက်က စစ်သုံးပန်းများ လွှတ်ပေးသလို စစ်တပ်ဘက်က ဖမ်းဆီးထားရသူများကိုလည်း ပြန်လွှတ် ပေးရန်ကိစ္စများကိုပါ ဆွေးနွေးပြောဆိုခဲ့ကြောင်း ဆက်ပြောသည်။
"ULA/AAဘက်ကလည်း မစ္စတာဆာဆာကာဝါခရီးစဥ်ကို ဂုဏ်ပြုပြီး လွှတ်ပေးတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်းတင်ပြပါတယ်။ အစိုးရဘက်က ဖမ်းထားတဲ့ အရပ်သားတွေ၊ တခြားပုဂ္ဂိုလ်တွေကိုလည်း လွှတ်ပေးဖို့ သူပြောထားတယ်လို့လည်း ပြောတယ်"ဟု ပြောသည်။
မစ္စတာဆာဆာကာဝါသည် နစကကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဝင်ဘာ ၁၃ ရက်တွေ့ဆုံခဲ့သလို ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်များနှင့်လည်း နိုဝင်ဘာ ၁၂ ရက်နေ့က အွန်လိုင်းကနေ တဆင့် တွေ့ဆုံခဲ့သည်။
နိုဝင်ဘာ ၁၅ ရက်နေ့က စစ်တွေကိုရောက်ရှိလာခဲ့ပြီး ပြည်နယ်ကောင်စီက တာဝန်ရှိသူများ၊ စစ်တွေရှိ IDP များ၊ စစ်ဘေးရှောင်များနှင့်တွေ့ဆုံအပြီး ရခိုင်အမျိုးသားပါတီ (ANP)နှင့်လည်း ပြည်နယ်ကောင်စီ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။
သူသည် ပြီးခဲ့သည့်နှစ်က ရခိုင်တွင် တိုက်ပွဲများမဖြစ်ပွားရန် အဓိက ကြားဝင် ညှိနှိုင်းပေးခဲ့သူလည်း ဖြစ်သလို ရခိုင်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နေရာများတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန် တိုက်တွန်း တောင်းဆိုခဲ့သူလည်း ဖြစ်သည်။

ဆက်စပ် သတင်းများ