ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

PDF သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်လူငယ်စာရေးဆရာမင်းဒီပါအမှု တရားလိုနှင့် လိုပြသက်သေများကို စတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k

မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၆/၂၀၂၁
PDF ဖြင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရခိုင်လူငယ်စာရေးဆရာ မင်းဒီပါ၏ ယနေ့ရုံးချိန်းတွင် တရားလိုနှင့် လိုပြသက်သေ ၄ ဦးကို စစ်ဆေးခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေဦးကျော်စိုးလင်းက နိရဥ္စရာသို့ပြောသည်။
“ဒီဇင်ဘာလ ၃ ရက်နေ့ရုံးချိန်းမှာတော့ လိုပြသက်သေတွေကို ထပ်ပြီးစစ်ဆေးသွားပါမယ်။ ဒီနေ့ရုံးချိန်းမှာတော့ ထူးခြားချက်မရှိပါဘူး” ဟုပြောသည်။
အဆိုပါအမှုတွင် တရားလိုပြသက်သေ ၈ ဦးပါဝင်ပြီး တရားလိုနှင့် လိုပြသက်သေ ၄ ဦးကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်တွင် မြောက်ဦးခရိုင်တရားရုံး၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် လူငယ်စာရေးဆရာ မင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်ကို PDF နှင့် ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် အောက်တိုဘာလ ၁၅ ရက်တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ကာ နိုဝင်ဘာလ ၁၂ ရက်တွင် မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကိုမင်းဒီပါနှင့်အတူ ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် ငပလီမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ် တို့ကိုလည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ