ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

PDF သံသယဖြင့် တရားစွဲခံထားရသည့် ဦးစိန်ချစ်တို့၏ ရုံးချိန်းတွင်လိုပြသက်သေ ၃ ဦးအနက် ၁ ဦးကို စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k

မြထွီးသျှင်

နိရဥ္စရာ၊ ဒီဇင်ဘာ ၈/၂၀၂၁

PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့၏ယနေ့ရုံးချိန်းတွင် လိုပြသက်သေ ၃ ဦးအနက် ၁ ဦးကိုသာစစ်ဆေးနိုင်ခဲ့ပြီး မအူပင်မြို့နယ်မှ လိုပြသက်သေ ၂ ဦးမှာ ရုံးချိန်းသို့ရောက်မလာ၍ မစစ်ခဲ့ရဟု သိရသည်။

ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို မှုခင်းစီမံခန့်မှုအစီအစဉ် (CMP)စနစ်ဖြင့် ရုံးချိန်းတစ်ခုစီတွင် တရားလိုပြသက်သေ ၃ ဦးကိုစစ်ဆေးရမည်ဖြစ်သော်လည်း ယနေ့ ဒီဇင်ဘာလ ၈ ရက်ရုံးချိန်းတွင် လိုပြသက်သေ ၁ ဦးကိုသာ စစ်ဆေးခဲ့ရကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာသို့ပြောသည်။

ဒီနေ့သက်သေက ငပလီမြို့၊ စရဖကတပ်ကြပ်ကြီးကျော်မင်း သူ့တစ်ယောက်တည်းကိုပဲ စစ်တယ်။ ကျန်တဲ့လိုပြသက်သေနှစ်ယောက်က မအူပင်က။ ဒါပေမဲ့ မအူပင်ကသက်သေတွေကတော့ ရုံးချိန်းသက်သေလာနိုင်တာမျိုးတော့ မတွေ့ရဘူးပေါ့နော်ဟုပြောသည်။

ယခုအမှုတွင် စုစုပေါင်းသက်သေ ၁၃ ဦးရှိပြီး လက်ရှိတွင် သက်သေ ၄ ဦးကို စစ်ဆေးပြီးပြီဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် သက်သေများကို စစ်ဆေးရန် လာမည့်ဒီဇင်ဘာလ ၁၅ ရက်ကို ထပ်မံရုံးချိန်းချိန်းဆိုလိုက်ပြီး လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေ ၃ ဦးကို မဖြစ်မနေစစ်သွားမည်ဟု ရှေ့နေဒေါ်သိင်္ဂီမောင်က ဆက်ပြောသည်။

ယခုအမှုကို CMP စနစ်ဖြင့် စစ်ဆေးနေခြင်းဖြစ်သဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် ရုံးချိန်းချိန်းဆိုထားကြောင်း သိရသည်။

တရားစွဲခံထားရသူ ၂ ဦးအနက် သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကို အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။

ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် ၄င်းတို့ ၂ ဦးနှင့်အတူ ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် ငပလီမြို့မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်း(၂၈) နှစ်နှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ် ၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင်နှင့် ကျောက်ဖြူမြို့မှ မအေးမြင့်မြတ်အောင်(၂၁)နှစ်တို့လည်း အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲခံထားရသည်။

 

 

ဆက်စပ် သတင်းများ