ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦး PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၄/၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးသည် PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
ဖမ်းဆီးခံရသောသူမှာ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦး ဖြစ်ကြောင်း သိရသည်။
သူ့ကို pdf အား ငွေထောက်ပံ့သည့်သံသယဖြင့် ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် သူ၏နေအိမ်အတွင်းမှဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟဟု ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က နိရဥ္စရာကိုပြောသည်။
"ကျနော့်သားက ပရဟိတလုပ်တာ ကျနော်သိတယ်။ ခုလိုဖမ်းဆီးခံရတာ မတရားဘူးထင်တယ်။ မိဘတစ်ယောက်အနေနဲ့ ခံစားရတယ်။ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်"ဟုပြောသည်။
ဖမ်းဆီးခံရသူ၏ ကွန်ပျူတာနှင့် ဖုန်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက ယူသွားကြောင်း သူက ဆက်ပြောသည်။
ဖမ်းဆီးခံရသူ၏အကိုဝမ်းကဲဲွဖြစ်သူတစ်ဦးကလည်း "ကျနော့်ညီ ခုလိုဖမ်းခံရတဲ့အတွက် လုံးဝစိတ်မကောင်းပါဘူး။ သူဟာ တောင်ကုတ်လူငယ်ကွန်ရက်မှာ ပရဟိတ အလုပ်တွေ လုပ်နေတာပါ"ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ဖမ်းထားကြောင်း အတည်ပြုခဲ့သည်။
"ဖမ်းထားတာဟုတ်တယ်။ အသေးစိတ်သိချင်ရင် စခန်းကိုလာမေး " ဟုပြောခဲ့သည်။
တောင်ကုတ်စခန်းမှူးအားဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(၂၄ နှစ်)၊ သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်၊ ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်တို့ကိုလည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲထိန်းသိမ်းခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ