ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပြည်နယ်နေ့ကျင်းပသော်လည်း ရခိုင်ပြည်နယ်သည် အနှစ်သာရပြည့်ဝသောပြည်နယ်မဖြစ်သေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၅/ ၂၀၂၁
ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့သည် (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ဖြစ်သည်။ ရခိုင်ပြည်နယ်ရရှိသည်မှာ ၄၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ရခိုင်လူမျိုးများအတွက် အနှစ်သာရပြည့်ဝရသော ပြည်နယ်မဖြစ်သေးကြောင်း ရခိုင်နိုင်ငံရေးသမားများနှင့် အမျိုးသားရေးလှုပ်ရှားသူများက ဝေဖန်ပြောကြားလိုက်သည်။
ပြည်နယ်ဆိုသည်မှာ ပြည်နယ်၏လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များရှိရန်လိုပြီး အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုများ ရှိရန်လိုသည်ဟု မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သည့် ဦးဖေသန်းက ဝေဖန်ပြောဆိုသည်။
“အခုက ဗဟိုကပဲ အကုန်လုံးကိုချုပ်ကိုင်ထားတယ်။ ရခိုင်ပြည်နယ်အစိုးရဆိုတာ ပြည်ထောင်စု အစိုးရရဲ့ ကြိုးဆွဲရာကရတဲ့သမ္မတအောက်မှာရှိတဲ့ဝန်ကြီးချုပ်စနစ်မျိုးပေါ့။ အဲဒါကြောင့် တကယ်တမ်းမှာ ပြည်နယ်ရဲ့ဘတ်ဂျက်တွေကိုလည်း ကျနော်တို့ မဖြစ်စလောက်ပဲရတယ်။ ပြည်နယ်မှာရှိတဲ့ အခွန်အခတွေဆိုတာလည်း တန်ဖိုးနည်းတဲ့အခွန်အခတွေလောက်ပဲ ကောက်လို့ရတယ်။ ဒီ Resource Sharing ဆိုတဲ့ ကိုယ့်ပြည်နယ်ကထွက်တဲ့ သယံဇာတ အကျိုးအမြတ်ကိုလည်း ဘာမှမခံစားရဘူး။ အဲဒါကြောင့် ရခိုင်ပြည်နယ်ဟာ တိုင်းနဲ့ ပြည်နယ် အားလုံးထဲမှာ အဆင်းရဲဆုံးပြည်နယ်ထဲမှာပါနေတာ။ ဒါကြောင့် ကျနော်တို့ ခံစားပိုင်ခွင့်မရှိတဲ့၊ ရပိုင်ခွင့်မရှိတဲ့၊ နာမည်တစ်လုံးသာရှိတဲ့ပြည်နယ်မျိုးလို့ ကျနော်တို့လိုချင်တဲ့၊ အနှစ်သာရရှိတဲ့ ပြည်နယ်မျိုးမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ပြောကြားခြင်းဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ရက္ခိုင်တပ်တော်ရဲ့ကွန်ဖက်ဒရစ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ကိုယ့်နေရာကို သီးသန့် အုပ်ချုပ်ချင်တယ်။ ကိုယ့်လက်နက်ကိုင်အဖွဲ့နဲ့ နေချင်တယ်။ ကိုယ့်ဒေသရဲ့ အရင်းမြစ်တွေကို စီမံခန့်ခွဲချင်တယ်။”
ယနေ့ကျရောက်သည့် ရခိုင်ပြည်နယ်နေ့တွင် လက်ရှိပြည်နယ်ကောင်စီကလည်း စစ်တွေ၌ ရခိုင်ရိုးရာ ကျင်ပွဲများနှင့် အခြားသောပျော်ပွဲရွှင်ပွဲများအား ကျင်းပပေးခဲ့သည်။ ထိုသို့ ကျင်းပသော်လည်း ရခိုင်လူမျိုးလိုချင်သော အနှစ်သာရရှိသည့် ပြည်နယ်မဟုတ်သေးဟု ဦးဖေသန်းက ထပ်လောင်း ဝေဖန်ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အားလုံးထဲတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်နေသည်ဟု သိရသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ခေတ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ်သတ်မှတ်ခဲ့သော ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
ပထမအကြိမ်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ မှစတင်ကာ စစ်တွေရှိ ယခင်ပြည်နယ်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမည်ခံရခိုင်ပြည်နယ်နေ့ကျရောက်တိုင်း ပျော်ပွဲရွှင်ပွဲများနှင့်သာကျေနပ်ခဲ့ရသည့်ရခိုင်လူမျိုးအတွက် ရခိုင်ပြည်နယ်ဆိုသည်မှာ အနှစ်သာရမရှိသည့်အပြင် ရွှေရည်စိမ်ဝတ်ထားသလို အဓိပ္ပာယ်မရှိ ဖြစ်နေသည်ဟုလည်း ရခိုင်အမျိုးသမီးများကွန်ရက်၏ဥက္ကဋ္ဌ ဒေါ်ညိုအေးက ထောက်ပြသည်။
“ကျမတို့ ရွှေအစစ်မဟုတ်ဘဲနဲ့ ရွှေရည်စိမ်ထားတဲ့ ပြည်နယ်နေ့ ပေါ့နော်။ ကျမက အဲလိုသဘောမျိုးပဲ ခံယူတယ်။ တကယ်ကို အနှစ်သာရနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ ကျမတို့လူမျိုးတွေရဲ့ လွတ်လပ်မှုနဲ့ သဘောထားကို အလေးနက်ပြုသင့်တယ်လို ခံယူမိပါတယ်” ဟု ပြောသည်။
ယနေ့တွင်ကျရောက်သည့် ၄၇ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားများကို စစ်တွေ၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ အမ်း၊ မင်းပြားနှင့် အခြားမြို့အချို့တို့တွင် ရခိုင်ရိုးရာကျင်ပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲဲများဖြင့်ကျင်းပခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ