ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေရှ့်နိုင်ငံ၏ Victory Dayလွတ်လပ်ရေးအောင်ပွဲနေ့အခမ်းအနားကို စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 731

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၆/၂၀၂၁
ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်သည့် နှစ်၅၀ မြောက် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ Victory Day လွတ်လပ်ရေးအောင်ပွဲနေ့ အခမ်းအနားကို စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးအတွင်းတွင် ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ရခိုင်ဆရာတော်တစ်ပါး အပါအဝင် စစ်တွေရှိ အိန္ဒိယသံရုံး ကောင်စစ်ဝန်၊ နိုင်ငံခြားအန်ဂျီအိုများမှ တာဝန်ရှိသူများ၊ ရခိုင်ဒေသခံများ စုစုပေါင်း ၃၀ ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ် အလံတင် ဘင်္ဂလားဒေ့ရှ် အမျိုးသားသီချင်းကို ဖွင့်ပြီး နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် လွှင်တင်ခဲ့ပြီးနောက် အခမ်းအနား အစီအစဉ်ကို စတင်ခဲ့သည်။
အခမ်းအနားမှာ ဘင်္ဂလားဒေ့ရှ် သမ္မတ အမ်းဒီ အဘာဒူလ် ဟာမစ်ဆီကပေးပို့သည့် သဝဏ်လွှာ၊ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာဆီ ပေးပို့သည့် သဝဏ်လွှာ၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီးပေးပို့သည့် သဝဏ်လွှာများကို အသီးသီးဖတ်ကြားခဲ့သည်။
၎င်းနောက် စစ်တွေမြို့တွင် ရှိသည့် အိန္ဒိယ ကောင်စစ်ဝန်နှင့် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်တို့က ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲအကြောင်းနှင့် ပတ်သက်ပြီး အမှတ်ရစရာများကို မိန်းခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် Mr. Mohammad Barikul Islam က “ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ တစ်ခြား နိုင်ငံတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲတွေထက် အချိန်အတိုအတွင်း အောင်ပွဲရခဲ့ပြီး အချိန်အားဖြင့် ၉ လသာ ကြာမြှင့်ခဲ့ပါတယ်။ဒီလို အချိန်တိုအတွင်းမှာ ပါကစ္စတန်တပ်ဖွဲ့ကို အနိုင်တိုက်ပြီး လွတ်လပ်ရေးရယူနိုင်ခဲ့တာဟာ အိန္ဒိယနိုင်ရဲ့ အကူအညီကြောင့် ဖြစ်ပါတယ်။ အိန္ဒိယကို ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုသည်။
လက်ရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေပြီး ယခုအတိုင်း သွားမည်ဆိုပါက လာမည့် ၂၀၃၅ ခုနှစ်တွင် ကမ္ဘာစီးပွားရေး အဆင့် ၂၅ ကိုရောက်ရှိလာမည်ဟု ဗြိတိန် အခြေစိုက် “ Center for Economic and Business Research “ ခန့်မှန်းထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ GDP မှာ ၂၀၀၅-၂၀၀၆ က အမေရိကန် ဒေါ်လာ ၅၄၃ ရှိခဲ့ရာမှ လက်ရှိမှာ အမေရိကန်ဒေါ် ၂၅၅၄ အထိ မြင့်တက်လာခဲ့သည်ဟုလည်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က ပြောဆိုသည်။
အိန္ဒိယက ကောင်စစ်ကလည်း ဘင်္ဂလာဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲတုန်းက ထောင်ပေါင်းများစွာသော ဘင်္ဂလားဒေ့ရှ် ပြည်သူများမှာ အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးခိုလှုံခဲ့ရကြောင်း၊ အိန္ဒိယတွင် စစ်သင်တန်းတက်ပြီး ပါကစ္စန်စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ် လွတ်လပ်ရေး တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်ပြည်သူ ၃ သန်းထိ သေဆုံးခဲ့ရကြောင်း၊ ထိုအာဇာနည်များကို အလေးပြုပါကြောင်း ပြောကြားသွားခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဆက်စပ် သတင်းများ