ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

PDF ကို ငွေထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့်အမှုဖွင့်ခံထားရသည့် ကျောက်ဖြူမှ တက္ကသိုလ်ကျောင်းသူအား ရမန် ၂ ပတ်ထပ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဒီဇင်ဘာ ၂၀/ ၂၀၂၁
PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်အား ရမန် ၂ ပတ်ထပ်ယူလိုက်ကြောင်း သိရသည်။
ယခင်ယူခဲ့သည့် ရမန် ၂ ပတ်ပြည့်ပြီးနောက်တွင် စွဲချက်လုံးဝမတင်ခဲ့ဘဲ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်တွင် ရမန် ၂ ပတ်ထပ်ယူလိုက်ခြင်းဖြစ်သည်ဟု မအေးမြင့်မြတ်အောင်၏ မိခင်ဖြစ်သူဒေါ်နုနုအောင်က နိရဥ္စရာသို့ပြောသည်။
“စွဲချက်မတင်တာက ပြစ်မှုမတွေ့လို့ စွဲချက်မတင်တာလား။ အဲဒါကျမတို့ကနားမလည်ဘူး။ သမီးမှာတော့ အပြစ်ဘာမှမတွေ့တာတော့ ကျမသိတယ်။ တကယ်တော့ ၁၇ ရက်နေ့မှာ စွဲချက်တင်ရမှာပေါ့နော်။ အခုတော့ တရားမစွဲ၊ လုံးဝစွဲချက်မတင်ဘဲ ရမန်နှစ်ပတ်ထပ်ယူတယ်” ဟုပြောသည်။
PDF ကိုငွေထောက်ပံ့သည်ဟုစွပ်စွဲထားသည့် ဖုန်းနံပါတ်နှင့် K pay အကောင့်မှာလည်း သူမ၏အကောင့်မဟုတ်သလို မှတ်ပုံတင်နံပါတ်လည်း လွဲမှားမှုရှိနေသည့်အတွက် သူမတွင် အပြစ်တစ်စုံတစ်ရာမှ မတွေ့ရကြောင်း ဒေါ်နုနုအောင်က ဆက်ပြောသည်။
“K pay အကောင့်က ဖုန်းနံပါတ်ကလည်း သမီးဖုန်းနံပါတ်မဟုတ်ဘူး။ အဲဒီဖုန်းနံပါတ်ကို ဆက်ကြည့်တော့လည်း တခြားတစ်ယောက်က ကိုင်တယ်။ ကျမသမီးကို စိတ်ပူလို့သေတော့မယ်။ သမီးက ငယ်ငယ်လေးကတည်းကနေ ကျန်းမာရေးမကောင်းဘူး။ သမီးကိုအမြဲပြုစုပြီး ထားနေရတာ။ ၂၀၁၈ မှာဆယ်တန်းအောင်ပေမဲ့ ကျန်းမာရေးမကောင်းလို့ တက္ကသိုလ်လည်း မတက်လိုက်ရဘူး။ ကျမအမေတစ်ယောက်အနေနဲ့ ရင်ကွဲလို့သေတော့မယ်” ဟုပြောသည်။
အသက် ၂၁ နှစ်အရွယ်ရှိ မအေးမြင့်မြတ်အောင်သည် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက် မင်းပြင်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် တက္ကသို်လ်ကျောင်းသူဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်တွင် သူမ၏နေအိမ်မှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် သူမအား အကြမ်းဖက်မှုပုဒ်မ ၅၀(ည)နှင့် အမှုဖွင့်ထားပြီး ကျောက်ဖြူအထောင်ချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်နှင့် ကိုမင်းဒီပါ (၂၄)နှစ်၊ တောင်ကုတ်မှ ဒေါ်ချယ်ရီသက်ရှည်(၄၀)နှစ်နှင့် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးတို့သည်လည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထိန်းသိမ်းခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ