သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

❝အားပြိုင်မှုပုံရိပ်တွေနဲ့ အာရက္ခဒေသ❞


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

နိရဉ္စရာ(ဆောင်းပါး)ဇွန် ၁၉၊ ၂၀၂၃


ရခိုင်ရိုးမကို မှီပြီး ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ကို မျက်နှာမူတည်ရှိနေတဲ့ ရခိုင်ဒေသဟာ လေမုန်တိုင်းဒဏ်၊ ရေကြီးတဲ့ဒဏ်ကို နှစ်တိုင်းလိုလို ကြုံရလေ့ရှိတဲ့ ဒေသတစ်ခုပါ။ အဲဒါအပြင် အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံ ၂ ခုကြားမှာ တည်ရှိတဲ့ မြန်မာနိုင်ငံထဲက ရခိုင်ဒေသဟာ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာမှာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ဒေသတစ်ခုလည်း ဖြစ်ပြန်တယ်။ မြန်မာနိုင်ငံရဲ့ တခြားသော နယ်စပ်ဒေတွေလိုပဲ ရခိုင်ဒေသဟာ ကွဲပြားစုံလင်တဲ့ လူဦးရေတွေ မှီတင်နေထိုင်ရာ ဒေသတစ်ခုလည်း ဖြစ်ပြီး၂ဝ၁ဝ ခုနှစ်အလွန် ရခိုင်ဒေသက အကြောင်းခြင်းရာတွေဟာ နိုင်ငံတကာစာမျက်နှာတွေပေါ် အများအပြား တွေ့လာခဲ့ရတယ်။ 

 

၂ဝ၁၀ အလွန် ရခိုင်လူထုကြုံတွေခဲ့ရတဲ့ ပုံရိပ်တွေ

 

ရခိုင်ဒေသက အကြောင်းအရာတွေဟာ နိုင်ငံတကာစာမျက်နှာတွေပေါ် တွေ့လာရတယ်ဆိုပေမယ့် ကြည်နူးဝမ်းမြောက်စရာအကြောင်းအရာတွေနဲ့ တွေ့လာရတာမျိုးမဟုတ်ဘဲ ကွဲပြားတဲ့အုပ်စုတွေရဲ့ အားပြိုင်မှုတွေကနေ ထွက်ပေါ်လာတဲ့ မနှစ်မြို့စရာ ပုံရိပ်တွေနဲ့အတူ တွေ့လာရတာမျိုးပါပဲ။ ၂ဝ၁ဝ အလွန်ကာလ ရခိုင်လူထုကြုံတွေ့ခဲ့ရတဲ့ ပုံရိပ်ထုတ်ကို ဖွင့်ကြည့်ရင် စတွေ့ရမှာကတော့ ၂ဝ၁၂ ခုနှစ်က ရခိုင်ဒေသနေ လူအုပ်စု ၂ ခုကြား လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပဋိပက္ခပဲ ဖြစ်ပါတယ်။ ဒီပဋိပက္ခကနေစပြီး တုတ်ဓါးတွေ ကိုင်ဆောင်ထားတဲ့ ပုံရိပ်၊ သွေးသံရဲရဲ ပုံရိပ်၊ မီးလောင်နေတဲ့ အိမ်ရဲ့ပုံရိပ်၊ မီးခိုတလူလူဖြစ်နေတဲ့ ကျေးရွာပုံရိပ်၊ အိုးအိမ်မဲ့ဖြစ်သွားရတဲ့ ပုံရိပ်၊ သားသမီးတွဲလွဲနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပုံရိပ်၊ ဘုန်းကြီးကျောင်းတွေဆီ သွားခိုလှုံရတဲ့ ပုံရိပ်၊ IDP camp တွေမှာ နေထိုင်ရတဲ့ ပုံရိပ်တွေနဲ့ မြို့နယ် အတော်များများမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုန်းရင့်ဆန်ခတ်ဖြစ်တဲ့ ပုံရိပ်တွေ၊ ဆန္ဒပြနေကြတဲ့သူတွေရဲ့ပုံရိပ်တွေ၊ ပါတီခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေကို တွေ့ကြရမှာပါ။


 

၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကာလတွေမှာ မြန်မာနိုင်ငံ အနှံ့အပြားကို ကြယ်ဖြူ-ခွပ်ဒေါင်းတံဆိပ် အမှတ်အသားနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာယူထားချိန် ရခိုင်ဒေသမှာတော့ နဝရူပဗျာလ-သီရိဝစ္ဆအမှတ်တံဆိပ်က လွှမ်းမိုးခဲ့တယ်။ ဒီကာလတွေထဲ ရခိုင်ဒေသနဲ့ ဆက်စပ်တဲ့ ပုံရိပ်တွေမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန် ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဖွဲ့စည်းတဲ့ပုံရိပ်၊ အာရကန်ရိုဟင်ဂျာ ကယ်တင် ရေးတပ်မတော်က ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်တဲ့ ပုံရိပ်၊  အဲတိုက်ခိုက်မှုရဲ့ ၃လ အလွန်မှာ ရခိုင်ပြည်မြောက်ပိုင်းက မွတ်စလင်အသိုင်းအဝိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးပုံရိပ်နဲ့ လူအမြောက်အမြား ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ပုံရိပ်တွေဟာလည်း ရခိုင်ဒေသ အတွက်ကော၊ မြန်မာနိုင်ငံအတွက်ပါ လက်ရှိအချိန်ထိ အရိပ်မည်းကြီးတစ်ခုပါပဲ။

 

၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲပုံရိပ်တွေကို ရခိုင်ဒေသမှာ စတွေ့ခဲ့ရပြီး ၂ဝ၁၉ ခုနှစ်အတွင်း တစ်ဖက်နဲ့ တစ်ဖက် သူတိုက်၊ ငါတိုက် တိုက်လာကြချိန်မှာတော့ သေနတ်၊ ဗုန်းအမြောက်ဆန်တွေရဲ့ ပုံရိပ်တွေ၊ မှိုင်းခွဲခံရတဲ့ ကားတွေရဲ့ ပုံရိပ်တွေ၊ လက်နက်ကြီး ကျည်ကျပြီး ခန္ဓာကိုယ်ပြတ်ထွက်နေတဲ့ ပုံရိပ်တွေ၊ မြေမြုပ်မှိုင်းနင်းမိပြီး ကျွဲနွားတိရစ္ဆာန်တွေ သေဆုံးတဲ့ ပုံရိပ်တွေ၊ ပြတ်ထွက်/သေဆုံးသွားတဲ့ ပုံရိပ်ရဲ့ ဘေးဒဏ်တွေကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝက်ဒေသအတွင်းကလူတွေရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ရင်မောဖွယ် တွေ့ခဲ့ရပါတယ်။


ကိုဗစ်ကာလမှာတော့ အခြားဒေသက ပုံရိပ်တွေလိုပဲ ရခိုင်ဒေသနေလူတွေကို နှာခေါင်းစည်းတွေတပ်လျက် တွေ့ခဲ့ကြရပြီး ရက္ခိုင့်တပ်တော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပုံရိပ်၊ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၊ မြန်မာ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်မင်းထွန်း၊ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ရဲ့ အွင်လိုင်းထက် သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ပုံရိပ်တွေ၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ ပုံရိပ်၊ နိုင်ငံတော် သမ္မတရုံးအကြံပေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေကိုလည်း နှာခေါင်းစည်းတွေတပ်လျက် တွေ့ခဲ့ရပြန်တယ်။ ဂျပန်နိုင်ငံအထူးသံတမန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ တရားဝင်မဟုတ်တဲ့ အပစ်အခတ် ရပ်စဲရေးဟာ ၂ဝ၂ဝ ခုနှစ်၊ နိုဝင်ဘာလမှာ နှာခေါင်းစည်းတပ်လျက် အာရက္ခဒေသမှာ အသက်ဝင်ခဲ့ရင်း ၂၀၂၀ ကို ပြည့်ဖုံးကားချခဲ့ပါတယ်။

 

ဒီလိုနဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်က ဖမ်းဆီးတာတွေလုပ်ပြီး အာဏာသိမ်းလိုက်တာကနေ အားပြိုင်ရာ ပုံရိပ်တွေဟာ ပြောင်းလဲလာခဲ့တယ်။  ၂ဝ၂၂ ဇူလိုင်လအတွင်း ရခိုင်ပြည်မြောက်ပိုင်း မောင်တောမြို့နယ်မှာ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်ပွားတာနဲ့အတူ ရခိုင်ဒေသမှာ ယမ်းနံ့ဝေတဲ့ပုံရိပ်တွေ ထပ်မံလွှမ်းမိုးခဲ့ပြန်တယ်။ ဒါပေမယ့် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလမှာ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အာရက္ခလူထု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ တိုက်ပွဲတွေကို ရပ်စဲသွားမယ်ဆိုပြီး ပြောကြားတာနဲ့အတူ တိုက်ပွဲပုံရိပ်ဟာ ဒီမြေက ကွယ်ပျောက်သွားခဲ့ပြီး စပါးရိတ်သိမ်းပေးနေတဲ့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်တွေရဲ့ပုံရိပ်က ခေတ္တနေရာယူခဲ့ပြန်ပါတယ်။

 

တိုက်ပွဲရပ်စဲပြီး မုန်တိုင်းမဝင်ခင်ထိ ရခိုင်ဒေသကို ကြီးစိုးနေခဲ့တဲ့ ပုံရိပ်တွေ


တရားဝင်မဟုတ်တဲ့ ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲရေးဟာ ဒီနေ့အချိန်ထိ အကျုုံးဝင်နေဆဲပါပဲ။ ဒီအပစ်အခတ်ရပ်စဲထားတဲ့ ကာလတွေမှာ ရက္ခိုင့်တပ်တော်ရဲ့ အိမ်နီးနားချင်း/ဆက်စပ်ရာနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းတာ၊ နွေဦးတော်လှန်ရေးက တချို့အဖွဲ့တွေကို မဟာမိတ်ဖွဲ့ပြီး နောက်ကွယ်ကနေ ပံ့ပိုးကူညီတာတွေလုပ်ပြီး ရခိုင်ဒေသတွင်းမှာတော့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ကဏ္ဍတွေကို လက်တံချဲ့တာ၊ ရခိုင်မှာရှိတဲ့ ကွဲပြားစုံလင်တဲ့ လူမှုအသိုင်းအဝိုင်းတွေကြား စုစည်းညီညွတ်လာဖို့ လုပ်ဆောင်တာ အစရှိတဲ့ ပုံရိပ်တွေ ကြီးစိုးနေခဲ့ပါတယ်။

 

ဒီဒေသနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (ဝါ) စစ်ကောင်စီဖက်ကတော့ ရခိုင်တောင်ပိုင်းမြို့တွေမှာ လူထုအနေနဲ့ ရက္ခိုင့်တပ်တော်ကို မထောက်ပံ့ဖို့ ဆော်ဩတာမျိုး၊ ဒေသတည်ငြိမ်ရေးကို အကြောင်းပြပြီး စစ်ဘေးရှောင်စခန်းတွေထဲ နေထိုင်ကြတဲ့သူတွေကို ငွေကြေး နည်းနည်း ထောက်ပံ့ပြီး မိမိနေရပ်ကျေးရွာကို ပြန်ခိုင်းတာမျိုး၊ ၂ဝ၁၇ ခုနှစ် က ရခိုင်ဒေသကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြရသူတွေကို  ပြန်လည်လက်ခံဖို့ ပြင်ဆင်တာမျိုးတွေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ လုပ်ဆောင်တဲ့ ပုံရိပ်တွေ၊ နိုင်ငံတော်အဆင့် အကောင်အထည် ဖော်ဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲလက်တံ ရခိုင်ကိုရောက်တဲ့ ပုံရိပ်တွေကို တွေ့နေခဲ့ရတယ်။

 

အုပ်ချုပ်ခံ လူထုထဲမှာတော့ မှိုင်းနင်းမိလို့ ပြတ်ထွက်သွားတဲ့ ကျေးလက်နေပြည်သူတွေရဲ့ဘဝတွေကို မကြာခဏ တွေ့နေရချိန်၊ စခန်းတွေထဲ နေထိုင်ကြတဲ့ လူထုက ဘေးကင်းကင်းနဲ့ နေရပ်ပြန်နိုင်ရေးအတွက် မှိုင်းရှင်းလင်းရေးတွေ လုပ်ပေးဖို့ တောင်းဆိုနေချိန်၊ စစ်ဘေးဒဏ်ကို သွယ်ဝိုက်ထိတွေ့ရတဲ့ လူထုအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေက လူတွေလိုပဲ အာဏာသိမ်းမှုအလွန် ကုန်ဈေးနှုန်း မြင့်တက်တာ၊ ငွေကြေး ဖောင်းပွတာ၊ ဥပဒေ ကင်းမဲ့တာ၊ ခိုးဆိုးလုနှိုက်တွေ ပေါလာတာ၊ လျှပ်စီးမီး ပုံမှန်မရရှိတာ၊ အလုပ်အကိုင် ရှားပါးမှုကြောင့် နေရပ်စွန့်ခွာပြီး တခြားဒေသ/နိုင်ငံတွေကို အလုပ်ထွက်ပြီး လုပ်နေကြရတာမျိုးတွေကို ကြံ့ကြံ့ခံနေကြချိန်၊ စစ်ရေးကာလက ပိတ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ပေးဖို့ တောင်းဆိုနေချိန်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းက အာရက္ခဒေသနေလူထုကို ဒုက္ခဆိုးကြီးတစ်ခု ထပ်ပေးလာခဲ့ပြီဖြစ်ပြီး အကျိုးစီးပွားကိစ္စတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အားပြိုင်ရာ အုပ်စုတွေအတွက် ခြေလှမ်းသစ်တွေ လှမ်းဖို့ လမ်းကြောင်းသစ်တစ်ခု ဖန်တီးပေးလိုက်တာမျိုးလည်း ဆိုနိုင်ပါတယ်။

 

အားပြိုင်မှုပုံရိပ်သစ်တွေကို တွေ့မြင်လာရတဲ့ အာရက္ခဒေသ

 

မိုခါဆိုင်ကလုန်းမုန်တိုင်းက အာရက္ခဒေသအတွက် ခေါင်မိုး အကာအရံတွေ ကင်းမဲ့နေတဲ့ လူနေအိမ်တွေ၊ မြေပြင်ပေါ် ခွေခွေလေး မှောက်လဲနေတဲ့ လူနေဖို့ မဖြစ်နိုင်တော့တဲ့ အိမ်တွေ၊ သစ်ရွက်တွေ ကင်းမဲ့ပြီး ပင်စည်ရိုး ပြိုင်းပြိုင်းကိုသာ တွေ့ရတော့တဲ့ သစ်ပင်တွေ၊ အမှိုက်သရိုက်ဗရဗွနဲ့ ရှုပ်ပွသွားတဲ့ လမ်းတွေ၊ အကျိုးအပဲ့ဖြစ်သွားတဲ့ တံတားတွေ၊ ဒိုက်သရိုက်တွေ ဖုံးလွှမ်းပြီး သီးပင်စားပင်တွေ လွင့်ပါးကုန်တဲ့ လယ်ယာမြေတွေ၊ ညစ်ပတ်ပေရေနေတဲ့ သောက်ရေကန်နဲ့ ရေသိုလှောင်ရာ ဆည်တွေ၊ မွစာကြဲသွားတဲ့ စားနပ်ရိက္ခာသိုလှောင်ရာ ဂိုဒေါင်တွေ၊ ပျက်စီးသွားတဲ့ လူမှု-စီးပွား-နိုင်ငံရေး-ဘာသာရေး အဆောက်အဦးတွေ၊ ကျိုးကျ ပြန်ထူမရတော့တဲ့ ဆက်သွယ်ရေး-လျှပ်စစ် တာဝါတိုင်တွေ၊ အသက်ကင်းမဲ့နေတဲ့ လူသေအလောင်းတွေ၊ ပြာဟောက်ဟောက်ကြီးနဲ့ အရိုင်းမြေလို ဖြစ်သွားတဲ့ မြို့ရဲ့ပုံရိပ်တွေကို ချန်ရစ်ထားခဲ့ပါတယ်။ 

 

တစ်ဖက်မှာ ရက္ခိုင့်တပ်တော့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မိုခါမုန်တိုင်းကြောင့် စစ်တွေ အပါအဝင် ရခိုင်တပြည်နယ်လုံးမှာ ၉ဝ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးသွားတဲ့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် တခြားအဖွဲ့အစည်းတွေကနေ ပြန်လည်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ ကူညီလုပ်ပေးဖို့ တောင်းဆိုတဲ့ ပုံရိပ်ကိုလည်း တွေ့မြင်ခဲ့ရတယ်။ အဲဒါအပြင် ရက္ခိုင့်တပ်တော်နဲ့ နီးစပ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကနေ အာရက္ခဒေသကို ကိုယ်ချင်းစာတရားထားပြီး ပေးပို့ လှူဒါန်းလာတာကလည်း ဘေးဒဏ်ခံခဲ့ရတဲ့ လူထုအတွက် အားတက်စရာပုံရိပ်တွေပါ။ ပြီးရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိန်းခွန်းပြောနေတဲ့ ပုံရိပ်ဟာလည်း အာရက္ခပြည်သူတွေအပါအဝင် ရခိုင်ဒေသကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ မျက်လုံးတွေထဲကို ဝင်ရောက်သွားပါပြီ။

 

မုန်တိုင်းဝင်ပြီးလို့ ၃ ရက် အကြာမှာ အာရက္ခပြည်သူလူထုတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မတီ (Cyclone Mocha ERRCA) တစ်ခုကို ဖွဲ့စည်းတယ် ဆိုတဲ့ ထုတ်ပြန်ချက် ပုံရိပ်ကို တွေ့ခဲ့ရတယ်။ မေလ ၂၁ ရက်နေ့မှာ မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဘာတွေ ဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက် ၁ စောင်ကို ကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာ ညိုထွန်းအောင် လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်၊ မိမိထိန်းချုပ်ရာ ဒေသတွေမှာ မုန်တိုင်းအပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားပေးတာမျိုး၊ ဘေးဒဏ်သင့်လူထု ရေရရှိဖို့ လုပ်ဆောင်တာမျိုး အစရှိတာတွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ ရက္ခိုင့်တပ်တော်အဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေ၊ ဘေးဒဏ်ခံရတဲ့ လူထုကို မျက်ကွယ်ပြုပြီး ကုန်ဈေးနှုန်း အဆမတန် တင်ရောင်းသူတွေကို ရက္ခိုင့်တပ်တော်က ခေါ်ယူမေးမြန်းနေတယ်ဆိုတဲ့ ပုံရိပ်တွေကို မုန်တိုင်းအလွန် ရက်သတ္တပတ်တွေမှာ တွေ့ခဲ့ရပါတယ်။ ဒါတွေဟာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ဆောင်ဖို့ရာမှာ ရက္ခိုင့် တပ်တော်ဟာ ရှိရှိသမျှ ခွန်အားနဲ့ အားကြိုးမာန်တက်ပြင်ဆင်နေတယ်ဆိုတဲ့ ပုံရိပ်တွေပါပဲ။



  Photo - Arakan Army Info Desk


ကျန်တစ်ဖက်မှာတော့ ရခိုင်ကို လေမုန်တိုင်းဝင်တိုက်နေချိန် ညနေပိုင်းမှာ စစ်ကောင်စီဥက္ကဌဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ သံတမန်ဆက်ဆံခြင်း ၇၅ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ချီးမြှင့်နေတဲ့ ပုံရိပ်ဟာ မြန်မာ့အလင်းသတင်းစာထဲ ရှိနေခဲ့တယ်။ မုန်တိုင်းအလွန် မေလ ၁၅ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း Mocha ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်က မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေအဖြစ် စစ်ကောင်စီဥက္ကဌက ကြေညာခဲ့တာဟာလည်း ပုံရိပ်အဖြစ် တည်ရှိသွားခဲ့ပြီ။  မေလ ၁၅ ရက် မွန်းလွဲပိုင်းမှာပဲ  တခြားသော တပ်မတော်အရာရှိတွေနဲ့အတူ စစ်ကောင်စီဥက္ကဌက သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ စစ်တွေမြို့ကို ရောက်ရှိလာတဲ့ပုံရိပ်အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ တာဝန်ပေးထားခံရတဲ့ စစ်တပ်ရဲ့ထိပ်တန်းအရာရှိ ၁၄ ယောက်က မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေကို ရောက်ရှိနေတဲ့ပုံရိပ်တွေဟာ မုန်တိုင်းအလွန်ရက်တွေမှာ မြန်မာ့အလင်းသတင်းစာထဲ နေရာယူထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။


မုန်တိုင်းဒဏ်သင့်လူထုကို ကူညီပေးဖို့ အိန္ဒိယနိုင်ငံအစိုးရက လွှတ်လိုက်တဲ့ သင်္ဘောတွေ ရန်ကုန်မြို့ကို ရောက်ရှိတဲ့ပုံရိပ်၊ ထိုင်းနိုင်ငံအစိုးရက ပေးပို့လိုက်တဲ့ အကူအညီတွေ ရန်ကုန်ရောက်ပြီဆိုတဲ့ပုံရိပ်၊ ပြီးရင် စစ်တပ်အသိုင်းအဝိုင်းကထိပ်တန်းအရာရှိကြီးတွေ စီမံခန့်ခွဲတဲ့ မီးသတ် ဌာနအဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းနေတဲ့ ပုံရိပ်တွေဟာလည်း ရက္ခိုင့်တပ်တော်ရဲ့ အဖွဲ့သားတွေအားကြိုးမာန်တက်ပုံရိပ်တွေနဲ့အပြိုင် ပျံ့နှံ့လာနေတဲ့ ပုံရိပ်တွေပါ။ ဒါပေမယ့် အာဏာသိမ်းအစိုးရဟာ ကုလသမဂ္ဂအပါအဝင် NGO/ INGOတွေရဲ့ ဘေးဒဏ်သင့်လူထုဆီ အကူအညီပေးဖို့ကို ပိတ်ထားကြောင်း သတင်းစကားပါပုံရိပ်တွေဟာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ ယမ်းနံ့မလွှမ်းတဲ့ အားပြိုင်မှုတွေကနေ ထွက်ပေါ်လာနေတဲ့ ပုံရိပ်တွေပါပဲ။



 

ဒါတွေဟာ ၂ဝ၁၂ ကနေ ၂ဝ၁၆ ဝန်းကျင်ထိ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပဋိပက္ခအလွန် ၂ဝ၁၈ ကနေ လက်ရှိ အချိန်ထိ လက်နက်ကိုင် ပဋိပက္ခရဲ့ ဘေးကြပ်နံကြပ်အခြေအနေထဲ စိတ်ဓါတ်အရရော၊ ရပ်တည်မှုအရရော ရက္ခိုင့်တပ်တော်ဖက်ကနေ ကြံ့ကြံ့ခံ ရပ်တည်နေတဲ့ အာရက္ခလူထုရဲ့ မိုခါမုန်တိုင်းအလွန် ရပ်တည်မှု၊ ဘေးဒဏ်ခံနိုင်စွမ်းကို ထပ်မံသွေးတိုးစမ်းလာမယ့် ပုံရိပ်တွေနဲ့ ဆက်စပ်နိုင်ပြီး အဲဒီပုံရိပ်တွေဟာ ရက္ခိုင့်တပ်တော်ရဲ့ ဦးဆောင်နိုင်စွမ်းအပါအဝင် လူထုထံ ဝန်ဆောင်မှုပေးရေး လက်တံ ဆန့်နိုင်၊ မဆန့်နိုင်ကို ထပ်မံစမ်းသပ်မယ့် ပုံရိပ်တွေလည်း ဖြစ်နိုင်ပါတယ်။ ။

 

ဆိန်နိုနင်

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး