အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် နေ့လယ်ခင်းခိုးယူမှု ပစ္စည်းဥစ္စာအများအပြားပါသွားသည်ဟု သတင်းထွက်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ သြဂုတ် ၈/၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အိမ်ကုန်စုံဆိုင် တစ်ဆိုင်အတွင်းသို့ ယနေ့နေ့လယ် ၁ နာရီခွဲအချိန်လောက်က ဝင်ရောက် ခိုးယူမှုတစ်ခုဖြစ်ပွားခဲ့ပြီး အိမ်အတွင်းပစ္စည်းဥစ္စာအများအပြား ခိုးယူခံရကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထိုသို့ သတင်းထွက်ပေါ်နေသဖြင့် ကာယကံရှင် ဆိုင်ပိုင်ရှင်ကို နိရဉ္စရာ သတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်ရာ ဖြစ်စဉ်ဖြစ်ပွားမှုမှာ မှန်ကန်ကြောင်း ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ မခင်ညွှန့်ဝေက အတည်ပြုပြောကြားသည်။
“နေ့လယ် ၁ နာရီခွဲလောက်ကဖြစ်သွားတာပါ။ အခု အရေးကြီးတာလေးတွေ လုပ်နေသေးလို့ စစ်ဆေးနေတုန်းပါဘဲ။ ပစ္စည်းတန်ဖိုးအတိကျပြောလို့ မရသေးဘူး” ဟု ပြောသည်။
၎င်းပစ္စည်းများကို ခိုးယူသွားသူသည် ပုံမှန်စျေးဝယ်လာသူကဲ့သို့ ဝင်ရောက်လာပြီး အိမ်ပေါ်တက်ကာ အနက်ရောင်အိတ်ထဲတွင် အိမ်မှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်ဟု ဆိုသည်။
“ သူက ပုံမှန်စျေးဝယ်တဲ့ လူလာသလိုပဲလာတယ်။ သူက နှာခေါင်းစည်း Mask အနက်ရောင် တပ်ထားတယ်။ ဦးထုပ်အနက်ရောင်ဆောင်းထားတယ်။ သူက အိမ်ဘေးမှာ ပစ္စည်းအထုတ်အသွင်း လုပ်တဲ့အပေါက်ရှိတယ်။ အဲဒီ အပေါက်ကနေ အိမ်အထဲ ဝင်လာပြီးရင်အိမ်ပေါ်ကို လှေကားကနေ ကျော်တက်တယ်။ ကျော်တက်ပြီးတော့ ဗီဒိုထဲမှာ ထည့်ထားတဲ့ အတွင်း ပစ္စည်းကို သူ့အိတ်အနက်အထဲ ထည့်ပြီးပြန်ထွက်သွားတယ်။ ၅ မိနစ်လောက်ပဲကြာတယ်” ဟု သူမက ဆက်လက် ပြောဆိုသည်။
တောင်ကုတ်မြို့က လူမှုရေး လူပ်ရှားနေသူ တစ်ဦးကလည်း ၎င်းဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း၊ တောင်ကုတ်မြို့က ချမ်းသာသူတစ်ဦးဖြစ်သည့် ဦးသိန်းအောင်ပိုင်ဆိုင်ဟု သိရကြောင်း၊ အိမ်ထဲမှ ငွေသားနှင့် လက်ဝတ်ရတနာများ ပါသွားသည်ဟု သတင်းဖြစ်ပေါ်နေကြောင်း ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး တောင်ကုတ်ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက အခင်းဖြစ်ပွားမှုမှာ ဟုတ်မှန်ကြောင်း၊ သို့သော် စခန်းသို့ လာရောက်ပြီး ကာယကံရှင်များက အမှုဖွင့်ခြင်း မရှိသေးကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ