အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မာန်အောင်တွင် ဆွံ့အ၊ နားမကြားသူတစ်ဦး နွားကျောင်းသွားစဉ်ပျောက်ဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 632

အောင်လင်းထွန်း
နိရ ဉ္စရာ၊ သြဂုတ် ၁၁ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ပုတ်ညှက်တောကျေးရွာမှ ဆွံ့အ၊ နားမကြားသူတစ်ဦး နွားကျောင်းသွားစဉ် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးနေသူမှာ အသက် ၃၅ နှစ်အရွယ် ဦးမောင်ဖြူတုတ်ဖြစ်သည်။
သူသည် သြဂုတ်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်အချိန်တွင် ရွာ၏အရှေ့ဘက်ရှိ တောင်ပေါ်တွင် နွားကျောင်းသွားစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအထိ ပြန်ရောက်လာခြင်းမရှိ၍ စိုးရိမ်နေသည်ဟု ဆွေမျိုးများက ပြောသည်။
“အခုအချိန်အထိပြန်မရောက်လာတာကြောင့် မိသားစုတွေစိတ်ပူနေကြတယ်။ သူ့ကိုပျောက်သွားနေ့ကနေရှာနေတာ။ တစ်ရွာလုံးထွက်ရှာတယ်။ မတွေ့သေးဘူး။ အခုလည်း တစ်ရွာလုံး ထပ်ပြီးရှာဖို့လုပ်နေတယ်”ဟု ဆွေမျိုးတော်စပ်သူ မမျိုးသန္တာသိန်းက ပြောသည်။
ပျောက်ဆုံးနေသူ ဦးမောင်ဖြူတုတ်မှာ နွားသွားကျောင်းပြီးနောက် ပြန်ရောက်လာခြင်းမရှိဘဲ နွားများသာ ပြန်ရောက်လာခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် ဦးမောင်ဖြူတုတ်ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပျောက်ဆုံးခဲ့သည့်တောင်အနီးရှိ စစ်တပ်တို့ထံ တိုင်ကြားထားသည်ဟုလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဖြူက ပြောသည်။
၎င်းပြင် အုပ်ချုပ်ရေးမှူးက “သူပျောက်သွားတာတော့ နှစ်ရက်ရှိနေပြီ။ အခုထိရှာမတွေသေးဘူး။ သူပျောက်သွားတာကို လိုင်းပေါ်တင်လိုက်လို့ ဘယ်ကမှန်းမသိဘူး။ ဗမာစကားနဲ့တစ်ယောက်ဖုန်းဆက်လာတယ်။ သူ့ကိုဖမ်းထားတယ်။ လိုချင်ရင် ပိုက်ဆံ ၇ သိန်းပေးရွေးရမယ်ဆိုပြီးတော့တစ်ယောက်ဆက်တယ်။ သူ့ကို ပြန်ဆက်သွယ်တဲ့အခါ ပိုက်ဆံပေးမယ်၊ ဘယ်မှာလာရွေးရမလဲ ပြောလိုက်တော့ ဖုန်းချသွားတယ်”ဟု ပြောသည်။


ဆက်စပ် သတင်းများ