အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေမြို့ လူသတ်မှုဖြစ်ပွားရာတွင် သေဆုံးသူရေလုပ်သား၏ မိဖနှစ်ပါး စစ်တွေသို့ရောက်ရှိ၊ အမှုမှန်ပေါ်ပေါက်ရန် ကူညီကြစေလိုဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

အောင်ဇံ
နိရဉ္စရာ၊ သြဂုတ်၁၂/၂၀၂၁
စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ ဆတ်ရိုးကျချောင်းအတွင်း ဆိပ်ကပ်ထားသော MV -YE TUN AUNG (၃) အမည်ရှိ ကုန်တင်သင်္ဘော ပေါ်တွင် ယမန်နေ့ သြဂုတ် ၁၁ ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရေလုပ်သား၏ အမည်ရင်းမှာ မျိုးမင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဉာဏ်ထွန်းအေးက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
“ ကျွန်တော်တို့ လင်မယားနှစ်ဦးက ဒီနေ့ရန်ကုန်ကနေ စစ်တွေကို ရောက်ပါတယ်။ ကျွန်တော်သား နာမည်က မျိုးမင်းပါ။ ကျွန်တော်က အမ်းမြို့နယ် တပ်တောင် ဇာတိပါ။ လက်ရှိရန်ကုန် လှိုင်သာယာမှာနေပါတယ်။ ကျွန်တော်လည်း သင်္ဘောပဲ့နင်းပါ။ အခုက ကျွန်တော်သားနာမည်က လွဲနေတာကိုတွေ့ရပါတယ်။ နာမည်က မျိုးမင်းပါ။ အမှုမှာ နာမည်လွဲနေတဲ့ အတွက် အမှုမှန် မပေါ်ပေါက်မှာကို စိုးရိမ်တဲ့ အတွက် ကူညီကြစေလိုပါတယ်” ဟု ပြောကြားသည်။
အခင်း ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ပြောပြသည်မှာ ကျွန်တော်သားက နောက်တစ်ယောက်နှင့် သင်္ဘောပေါ်တွင် ဂိမ်ဆော့နေသည်ဟု သိရကြောင်း၊ သူ့သားအားသတ်မည့်သူက သင်္ဘောပေါ်သို့ တက်လာပြီး စောင့်ကြည့် နေကြောင်း၊ အတူဂိမ်းဆော့နေသူမှ ကိစ္စတစ်ခုရှိသည်ဟု ဆိုကာ အောက်ကိုဆင်းသွားစဉ် ၎င်းလူသတ်မှု ကျူးလွန်သူက ဓားဖြင့် နောက်ကျောကို ဝင်ခုတ်သည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။
“ ကျွန်တော်သားက ရဲထွန်းအောင် သင်္ဘောမှာ လုပ်တာ သုံးလလောက်ရှိပါပြီ။ အသက် ၂၃ နှစ်ပါ။ အလောင်းက စစ်တွေဆေးရုံ အအေးခန်းမှာ ရှိပါတယ်။ အခု ကျွန်တော်နဲ့ ဇနီး ဒေါ်သိန်းယဉ်နုက စစ်တွေကို ရောက်နေပါပြီ။ ကျွန်တော်တို့ ရခိုင်ပါ။ ပြဿနာက သူက မှတ်ပုံတင်ပျောက်နေလို့ အစားတစ်ခုနဲ့ လုပ်လိုက်ရတာကြောင့် မှတ်ပုံတင်နာမည်က မျိုးလှိုင်ဝင်း ဖြစ်နေပါတယ်။ အခု နာမည်က လွှဲနေတော့ မရိုးသားသလို ဖြစ်နေတယ်လို့ ခံစားရပါတယ်” ဟု ပြောကြားသည်။
နိရဉ္စရာက ယခင်တင်ထားသော သတင်းတွင် ရဲတစ်ဦးကို ကိုးကားပြီး သတ်ဖြတ်ခံရသူမှာ လှိုင်ဝင်းထွဋ် (၃၀နှစ်)ဖြစ်ပြီး သတ်ဖြတ်သူ တရားခံမှာ ဟိန်းလတ်( ၂၀ နှစ်)ဖြစ်ကြောင်း ဖော်ပြခဲ့ရာ သူ့သားနာမည်မှာ လွဲနေကြောင်း၊ အမည်မှန်မှာ မျိုးမင်း(ခ) လှိုင်မျိုးထွန်းဖြစ်ကြောင်း၊ သူ့သားတွင် မှတ်ပုံတင်ပျောက်ဆုံးနေ၍ တစ်ခြားမှတ်ပုံတင်တစ်ခုဖြင့် ယာယီကိုင်ဆောင် အလုပ်ဝင်လုပ်နေ၍ ၎င်းမှတ်ပုံတင်အတိုင်း လူမျိုး၊ အမည်များကို ရဲက ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“ သေဆုံးတာ ကျွန်တော်သားပါ။ ကုမ္ပဏီက အတိအကျဖုန်းဆက်လို့ ကျွန်တော်တို့ ရောက်နေတာပါ။ ရဲထွန်းအောင် သင်္ဘောပိုင်ရှင်က ကျွန်တော်တို့ကို မိုတည်တစ်ခုမှာ နေရာ ချပေးထားတဲ့ အတွက် အခု အဲဒီမှာ နေပါတယ်။ မနက်ဖြန် ကျွန်တော်သားကို သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လင်မယား ဘာဆက်လုပ်ရမလဲဆိုတာ မသိဘဲ ဖြစ်နေတဲ့ အတွက် ကူညီကြစေချင်ပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် အမှုဖြစ်ပွားပုံ အသေးစိတ်ကို စုံစမ်းနေကြောင်း၊ မိဖများမှ အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့် သင်္ဘောပေါ်က ပဲ့နင်း ဦးကျော်သူရ အနေဖြင့်လည်း အမှုမှန် ပေါ်ပေါက်ရေးအတွက် ကူညီ စေလိုကြောင်း ပြောကြားသည်။
လက်ရှိတွင် လူသတ်တရားခံမှာ ဟိန်းလတ်( ၂၀ နှစ်)ကို ရဲကဖမ်းဆီး ချုပ်နှောင်ထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ