စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဟွန်ဒါစက်တပ်လှေ နစ်မြုပ်၍ ပျောက်ဆုံးနေသူ ၄ ဦးအနက် အမျိုးသမီး ၁ ဦး၏အလောင်းအားတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

သျှင်မင်းဇံ
နိရဥ္စရာ၊ သြဂုတ် ၁၇ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းတွင် မျှစ်ခူးပြန်လာသည့် လူ (၉) ဦးစီးနင်းလာသော ဟွန်ဒါစက်တပ်လှေငယ်တစ်စီး နစ်မြုပ်၍ ပျောက်ဆုံးနေသူ ၄ ဦးအနက် အမျိုးသမီး ၁ ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ရှာတွေ့ထားသည့်အမျိုးသမီးအလောင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ကန်ပူးကျေးရွာမှ ဒေါ်ဘုမယေ အသက် (၃၈ နှစ်) ဖြစ်သည်။
၎င်း၏အလောင်းအား ယမန်နေ့ (သြဂုတ်လ ၁၆) ညဉ့် ၁၁ နာရီခွဲကျော်က ရင်းဒါးကျေးရွာအနီး ရင်းဒါးမြစ်ရွှံ့နွံပြင်၌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပျောက်ဆုံးနေသူများကို လိုက်ရှာရာတွင် ပါဝင်သည့် စေတီပြင်ကျေးရွာမှ ကိုအောင်ကျော်နိုင်က ပြောသည်။
"ညဉ့် ၁၁ နာရီခွဲလောက်ရှိမယ်ဗျာ။ ဒေါ်ဘုမယေအလောင်းကို မြစ်ကမ်းစပ်မှာ တွေ့တယ်။ ကျန်သုံးယောက်ကို ရှာနေကြတယ်"ဟု ပြောသည်။
ယခုတွေ့ရှိသည့်အလောင်းအား ယမန်နေ့ညဥ့်တွင်းချင်းသင်္ဂြိုလ်လိုက်သည်ဟုလည်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းတွင် မျှစ်ခူးပြန်လာသည့် ဒေါ်ဘုမယေအပါအဝင် လူ (၉)ဦးစီးနင်းလိုက်ပါလာသော ဟွန်ဒါစက်လှေတစ်စီးသည် ယမန်နေ့ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းပေါ်ရှိ စေတီပြင် တံတားအနီး တောဖျားချောင်းအတွင်း ရေစီးပြင်း၍ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့နစ်မြုပ်ခဲ့မှုကြောင့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၄ ဦး ပျောက်ဆုံးခဲ့ပြီး ယမန်နေ့ညဉ့်တွင် ဒေါ်ဘုမယေ၏အလောင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပျောက်ဆုံးနေသူ ၃ ဦးမှာ ဒေါ်ဘုမယေ၏ အမျိုးသားဖြစ်သူ ဦးခင်သန်းမောင် (၄၂ နှစ်) ၊ ဒေါ်ဦးဆန်းယဉ် (၄၅ နှစ်)နှင့် မဖြူဖြူသန်း(၂၂ နှစ်) တို့ဖြစ်သည်။
ပျောက်ဆုံးနေသူများကို ယနေ့တွင်လည်း အနီးကျေးရွာများ ဖြစ်ကြသည့် စေတီပြင်နှင့် ခနောင်းကြီးကျေးရွာသားများ ပူးပေါင်း ရှာဖွေနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ