အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်းမတွင် ယာဉ်တိုက်မှုဖြစ်၍ အမျိုးသမီးတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.6k

အင်္ဂါအောင် (ခမီ)
ပုဏ္ဏားကျွန်း၊ သြဂုတ် ၂၀ / ၂၀၂၁
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာအနီး ရန်ကုန် စစ်တွေကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ပဒေသာကျေးရွာမှ ဒေါ်မအေးနု (၅၂ နှစ်)ဖြစ်ပြီး ပဒေသာကျေးရွာ အရှေ့ဘက် ရန်ကုန် စစ်တွေကားလမ်းဘေးတွင် ဓာတ်ဆီဆိုင်ဖွင့်ထားသူဖြစ်သည်။
ဒေါ်မအေးနုသည် သူ၏မြေးဖြစ်သူ မောင်အောင်ယဉ်မျိုး (၃ နှစ်)နှင့်အတူ သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်တွင် ပဒေသာကျေးရွာအနီးကားလမ်းဘေးတွင် လမ်းလျှောက်နေစဉ် စစ်တွေမှ ပုဏ္ဏားကျွန်းမြို့သို့သွားသောဟိုင်းဂျပ်ကားတစ်စီးသည် ပဒေသာကျေးရွာအရောက်တွင် အရှိန်မထိန်းနိုင်သောကြောင့် ၎င်းတို့မြေးအဖွားနှစ်ဦးအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
"သူတို့မြေးအဖွားနှစ်ယောက် လမ်းဘေးမှာ လမ်းလျှောက်နေချိန် အခုလို ဝင်တိုက်မှုဖြစ်ခဲ့တာ။ ဒေါ်မအေးနုကတော့ နေရာမှာပဲ ပွဲချင်းသေဆုံးသွားခဲ့တယ်။" ဟု လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ပုဏ္ဏားကျွန်းမြို့မှ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌကိုပြည့်ဖြိုးနိုင်က ပြောသည်။
ယခုဖြစ်စဉ်ကြောင့် ဒေါ်မအေးနုတွင် လည်ပင်းကျိုး၍ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး မြေးဖြစ်သူကလေးငယ်တွင် ဦးခေါင်း၌ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့်အတွက် ပုဏ္ဏားကျွန်းမြို့ ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ ယာဉ်မောင်းဖြစ်သူ ကိုမောင်မြင့်ချေတွင်လည်း ဒဏ်ရာအများအပြားရရှိခဲ့မှုကြောင့် ပုဏ္ဏားကျွန်းမြို့ ပြည်သူဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ကုသပေးထားရကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်ကားမှာ စစ်တွေ-ပုဏ္ဏားကျွန်း လိုင်းဆွဲနေသောကားဖြစ်သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ