အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် ဇီးချိုမော်ကျေးရွာတွင် ဓားပြတိုက်ခံရမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်လ ၂၂/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဇီးချိုမော်ကျေးရွာမှ ကလေးနှစ်ဦးနှင့်အတူအိပ်နေသည့် မိခင်ဖြစ်သူထံမှ ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ ညဥ့်သန်ခေါင်ကျော်အချိန်ဖြစ်သည့် ညဉ့် ၁၂ နာရီကျော်ခန့်က ရွှေထည်ပစ္စည်းများ ဓားပြတိုက်ယူဆောင်သွားခြင်းခံလိုက်ရသည်ဟု သတင်းရရှိသည်။
ဓားပြတိုက်ခံရသူမှာ ဇီးချိုမော်ကျေးရွာနေသူ ဒေါ်ဦးလှခင်ဖြစ်ပြီး အသက်(၁၁)နှစ်အရွယ်သမီးငယ်နှှင့် (၇)နှစ်အရွယ်ကလေးငယ်တို့နှင့် အိပ်နေစဉ် အိမ်ပေါ်သို့ လူတစ်ဦးတက်လာပြီး ဓားဖြင့်ထောက်၍ ရွှေထည်ပစ္စည်းများဖြစ်သည့် လက်ကောက်နှစ်ကွင်းနှင့် နားကပ်တစ်ရံတို့ကို ဓားပြတိုက်ယူဆောင်သွားကြောင်း ကာယကံရှင်ဖြစ်သူက နိရဥ္စရာသတင်းဌာနအားပြောသည်။
ဒေါ်ဦးလှခင်က “ ကလေးတွေနဲ့အိပ်နေတာကို ခြင်ထောင်လှန်ပြီး ဓားထောက်ပြီး ခြင်ထောင်အပြင်ထွက်ဖို့ပြောပါတယ်။ နင့်ကိုဘာမှမလုပ်ဘူး။ ငါတို့တောင်းတာသာပေးဆိုပြီး ရွှေဘူးနဲ့ထည့်ထားတာ အကုန်ပေးလိုက်ရပါတယ်။ ဆွဲကြိုးသုံးကုံးနဲ့ လက်ကောက်ခြောက်ကွင်းပါ။ ဝတ်ထားတဲ့ နားကပ်ပါ။ သူတို့ဆင်းတော့ ကျွန်မလည်း ဓားနဲ့လိုက်ပေါက်ပါတယ်။ အော်လည်းအော်တယ်။ အဲဒီမှာ ချော်ကျတဲ့အသံကြားလိုက်ပါတယ်။ ဆွဲကြိုးသုံးကုုံးနဲ့ လက်ကောက်လေးကွင်းကျကျန်ခဲ့ပါတယ်။”ဟုပြောသည်။
ယင်းသို့ဓားပြတိုက်ရာတွင် နောက်ထပ်လူတစ်ဦးမှာ အိမ်အောက်မှာစောင့်နေပြီး ပစ္စည်းရပါက ဆင်းလာရန် သတိိပေးသည်ကို ကြားရသဖြင့် အိမ်ပေါ်တက်လာသူအပါအဝင် ဓားပြတိုက်သူနှစ်ဦးဖြစ်ပြီး မျက်နှာများအား ဖုံးအုပ်ထား၍ မည်သူမည်ဝါဆိုသည်ကိုမသိရကြောင်း သူမက ဆက်ပြောသည်။
ဓားပြတိုက်ခံရ၍ ပစ္စည်းတန်ဖိုး လက်ကောက်နှစ်ကွင်း ကျပ် ၄ သိန်းခွဲခန့်နှင့် နားကပ်တစ်ရံ ကျပ် ၁ သိန်းခွဲခန့်၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၆ သိန်းခန့် ဆုံးရှုံးခဲ့ပြီး ကလေးငယ်နှစ်ဦးနှင့်မိခင်မှာ ထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတရာမရရှိခဲ့ဟု သိရသည်။
ဇီးချိုမော်ကျေးရွာမှ ရပ်မိ၊ ရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းလှိုင်ကလည်း အဆိုပါဓားပြတိုက်ခံရမှုမှာ ဟုတ်မှန်ကြောင်း ပြောသည်။
“သူမမှာ အမျိုးသားက တရုတ်မှာအလုပ်လုပ်တယ်။ ဒီမှာ ကလေးနှစ်ယောက်နဲ့နေတာပါ။ ကျွန်တော်နဲ့လည်း အိမ်နီးနားချင်းဆွေမျိုးတွေပါ။ ရွှေထည်တွေပါသွားပါတယ်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာများသို့ တိုင်ကြားထားသည်ဟု သိရသည်။

ဓာတ်ပုံ - ဓားပြတိုက်ခံခဲ့ရသည့် အမျိုးသမီးအား သူ့အိမ်နှင့်အတူတွေ့ရစဉ်။

ဆက်စပ် သတင်းများ