အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ပလက်ဝစစ်ဘေးရှောင်စခန်းတွင် အမျိုးသားတစ်ဦး ဓားထိုးခံရပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ သြဂုတ် ၂၆/၂၀၂၁
ချင်းပြည်နယ်၊ ပလက်ဝမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းတွင် ယမန်နေ့က အမျိုးသားတစ်ဦး ဓားထိုးသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ စစ်ရှောင်စခန်းနေ ဦးမြင့်ဦး (၆၅ နှစ်)ဖြစ်ပြီး ဓားဖြင့်ထိုးသွားသူမှာ ပလက်ဝမြို့နယ် နန်းချောင်းဝကျေးရွာဇာတိဖြစ်သည့် ဦးထွန်းအေး (၄၅ နှစ်)ဖြစ်သည်။
သေဆုံးသွားသူဦးမြင့်ဦးသည် သြဂုတ်လ ၂၅ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ဦးထွန်းအေးနှင့်အတူ အဆိုပါစစ်ဘေးရှောင်စခန်း၌ အရက်သောက်ကြစဉ် အချင်းများကြ၍ ဦးထွန်းအေးက ဦးမြင့်ဦးကို ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်သည်ဟု ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကံလှအောင်က နိရဥ္စရာသို့ အတည်ပြုပြောသည်။
"သူတို့နှစ်ယောက်က တူတူသောက်နေကြတာ။ ပြီးတော့ ခိုက်ရန်ဖြစ်ပွားနေတာကနေ တရားခံက ဓားနဲ့ထိုးလိုက်တာ။ ပွဲချင်းပြီးပဲ သေဆုံးသွားခဲ့တာ။" ဟု ပြောသည်။
သေဆုံးသွားသူတွင် ကိုယ်ဝန်သည်ဇနီးနှင့်အတူ သားနှစ်ဦးကျန်ခဲ့သည်ဟုလည်း သိရသည်။
"သေဆုံးသွားတာက မှန်ပါတယ်။ ကျနော်မနေ့က အပြင်ရောက်နေတာနဲ့ အပြည့်စုံတော့မသိဘူး။ သေဆုံးပြီးမှ ကျနော် အခင်းဖြစ်တဲ့နေရာ ရောက်သွားတာပါ။ရဲတွေလည်း အခင်းဖြစ်တဲ့နေရာမှာရှိတယ်။"ဟု အဆိုပါစစ်ဘေးရှောင်စခန်းမှ ဒု-တာဝန်ခံ ဦးနီလှအောင်က နိရဥ္စရာသို့ ပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် ဦးထွန်းအေးသည် အခင်းဖြစ်ပြီးနောက် ထွက်ပြေးသွားသော်လည်း သူ့ကို ယနေ့ သြဂုတ်လ ၂၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ယခုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁,၄၆၁ ဦးရှိသည်ဟု သိရသည်။
ဓာတ်ပုံ - ပလက်ဝမြို့ရှိ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းအား တွေ့ရစဉ်။
Photo by - ကိုငယ်လေး

ဆက်စပ် သတင်းများ