အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

မြောက်ဦးတွင် မိသားစု ၃ ဦး ကားတိုက်ခံရ၍ မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၄/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှ ပက်ကျိရောင်း၍ပြန်လာသည့်မိသားစု ၃ ဦး ကားတိုက်ခံရ၍ မိခင်ဖြစ်သူ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးခဲ့သူမှာ မြောက်ဦးမြို့ အောင်တပ်အုပ်စု၊ အောင်မင်္ဂလာရပ်ကွက်မှ ဒေါ်အဖြူချေ(၃၈ နှစ်)ဖြစ်သည်။
သူမသည် အမျိုးသားဖြစ်သူ ဦးညီပုချေနှင့် အသက်(၁၂)နှစ်အရွယ်သားဖြစ်သူတို့နှင့်အတူ ယနေ့ အောက်တိုဘာလ ၄ ရက် နံနက်က ကျောက်တော်မြို့သို့ ပက်ကျိရောင်းရန်သွားခဲ့သည်ဟု သိရသည်။
နေ့လယ် ၁ နာရီခန့်တွင် အိန္ဒိယသုံးဘီးဆိုင်ကယ်ဖြင့် မြောက်ဦးသို့ပြန်လာရာ မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီး လျှာရှည်ပြင်ကျေးရွာထွက်ဝ ကားလမ်းမကြီးတွင် ကားတိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးသာထွန်းက နိရဥ္စရာကို ပြောသည်။
“သူ့အမျိုးသားကိုယ်တိုင် ဆိုင်ကယ်မှာတင်လာတယ် အလောင်းကို။ နေရာမှာ ပွဲချင်းပြီးသေတယ်လို့ပြောတယ်။ သားအဖနှစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာနည်းနည်းရကြတယ်။ တိုက်တဲ့ကားမှာပါတဲ့လူကိုတော့ AA က စစ်ဆေးနေတယ်လို့ သိရတယ်” ဟုပြောသည်။
အဖြူရောင်အိမ်စီးကားတစ်စီးက သူမတို့မိသားစုစီးလာသည့် သုံးဘီးဆိုင်ကယ်ကို နောက်မှ ဝင်တိုက်မိရာ ဒေါ်အဖြူချေမှာ သုံးဘီးပေါ်မှလွှင့်စင်ကျသွားကာ ကွန်ကရစ်လမ်းမနှင့် ဆောင့်မိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ပြောသည်။
သေဆုံးသွားသူတွင် မျက်နှာတစ်ခြမ်းပျက်စီးသွားပြီး လက်တစ်ချောင်းလုံးကျိုးသွားသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးအေးသာထွန်းက ဆိုသည်။
“ဘယ်ဘက်လက်လား၊ ညာဘက်လားတော့ သွားမကြည့်ရသေးလို့ သေချာမသိသေးဘူး။ လက်ကျိုးသွားတယ်လို့ပဲ သိထားတယ်။”ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ရဲစခန်းမှူးအား ဆက်သွယ်ရာ စခန်းမှူးမှာ ပြောင်းရွှေ့သွားပြီဖြစ်သဖြင့် ဖြေဆိုနို်င်ခြင်းမရှိကြောင်း ပြောသည်။
လက်ရှိတွင် အလောင်းအား အောင်တပ်သုသာန်၌ထားပြီး မနက်ဖြန် အောက်တိုဘာလ ၅ ရက် နေ့လယ်တွင် မြောက်ဦးမြို့ မင်းသားကျွန်းသုသာန်၌ သင်္ဂြိုလ်သွားမည်ဟု သိရသည်။

ဆက်စပ် သတင်းများ