အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ကားတိုက်ခံရ၍ ဘေးတွဲမောင်းသူ ဘယ်ခြေထောက်ကျိုးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

သန္တာကျော်ဇော
နိရဥ္စရာ၊ အောက်တိုဘာ ၅/၂၀၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ဘေးတွဲဆိုင်ကယ်တစ်စီး ကားတိုက်ခံရ၍ ဘေးတွဲမောင်းသူတွင် ဘယ်ခြေထောက်ကျိုးသွားသည်ဟု သတင်းရရှိသည်။
ကားတိုက်ခံရ၍ ဘယ်ခြေထောက်ကျိုးသွားသူမှာ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်မှ ဦးမောင်ဌေးလင်း(၄၀ နှစ်)ဖြစ်သည်။
သူသည် ယမန်နေ့ အောက်တိုဘာလ ၄ ရက် ညနေ ၇ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့ မဟာဓာတ်အားလိုင်း ဓာတ်အားခွဲရုံရှေ့ စစ်တွေ-ရန်ကုန်ကားလမ်းမဘေးရှိဆီဆိုင်၌ သူ၏ဘေးတွဲဆိုင်ကယ်အားဆီဖြည့်၍အထွက်တွင် စစ်တွေမှ ကျောက်တော်သို့ပြေးဆွဲနေသည့် ဟွန်ဒါဖစ်အမျိုးအစားကားက တိုက်မိခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းများအသင်း(PDYO)မှ အတွင်းရေးမှူး ကိုမောင်မောင်သန်းက “ယာဉ်တိုက်မှုဖြစ်တုန်းကတော့ အနီးအနားမှာ ရှိတဲ့လူတွေကပဲ ပုဏ္ဏားကျွန်းဆေးရုံကိုလာပို့ပေးတာပေါ့နော်။ အဲဒီကပဲ ခြေထောက်တစ်ချောင်းကျိုးသွားတော့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ပေးလိုက်ရတယ်” ဟု ပြောသည်။
ယင်းအပြင် ခြေထောက်ကျိုးသွားသည့်ဘေးတွဲဆိုင်ကယ်မောင်းသူတွင် ပွန်းပဲ့ဒဏ်ရာအချို့လည်း ရရှိခဲ့သည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာအနီး စစ်တွေ-ရန်ကုန်ကားလမ်းမဘေးတွင်လည်း ပြီးခဲ့သည့်သြဂုတ်လ ၁၉ ရက် ည ၈ နာရီခန့်က လမ်းလျှောက်နေသည့်မြေးအဖွားနှစ်ဦးကို စစ်တွေမှ ပုဏ္ဏားကျွန်းမြို့သို့ လိုင်းဆွဲနေသည့် ဟိုင်းဂျပ်ကားတစ်စီးက ဝင်တိုက်၍ အသက် ၅၂ နှစ်အရွယ် အဘွားဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သိရသည်။
Photo - PDYO

ဆက်စပ် သတင်းများ